နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ရေးအထူးအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးမှာကြား

       နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ရေးအထူးအစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မာလာတောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်တို့မှ ဒေသနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ၊ မြို့မိ၊ မြို့ဖများ  တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနိုင်မှုနှင့် လိုအပ်သည်များကို တင်ပြဆွေးနွေးရာ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပြောကြားရာတွင်-

  • နာဂဒေသအတွင်း ပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်းတစ်ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်းမြစ်ကူး ထမံသီတံတား ပြီးစီးရေးနှင့် ထမံသီအထိ ကတ္တရာလမ်းခင်းကျင်းပေးနိုင်ရေး ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာရာမေရိတောင်ခြေရှိ လေရှီး-လဟယ် ဆက်သွယ်ထားသည့် မြေသားလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအတတ်ပညာများပါဝင်သည့် အခြေခံပညာအထက်တန်းကျောင်းတစ်ခုကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားရာတွင်-

  • မိမိတို့အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဒေသများကို ကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ၊ တင်ပြချက်များအပေါ် တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း။
  • ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြောင်းအရာများစွာရှိပြီး အထူးသဖြင့် စားရေရိက္ခာဖူလုံပေါများရေးပင်ဖြစ်ကြောင်း၊ နာဂဒေသသည် တောင်တန်းဒေသဖြစ်သည့်အတွက် စိုက်ပျိုးဧကများ ထပ်မံတိုးချဲ့ရန် အခက်အခဲရှိသောကြောင့် စားရေးကို အထောက်အကူပြုစေသည့် ဆန်စပါးအထွက်တိုးအောင် ကြိုးစား စိုက်ပျိုးမှုအပြင် ဒေသတွင်းဖြစ်ထွန်းသည့် “ဝ”ဥ စိုက်ပျိုးခြင်းများကိုလည်း ဆောင် ရွက်၍ရကြောင်း။
  • လက်ဖက်နှင့် ကော်ဖီကို နာဂဒေသ၏ အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လိမ္မော်သီးနှင့် အခြားအသီးအနှံများကို စိုက်ပျိုး၍ ထုတ်ကုန်များကို ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း။
  • အလုပ်အကိုင်များဆောင်ရွက်နိုင်ရန်၊ ပညာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေး ကောင်းမွန်ရန် အဓိကလိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ယခင်သမ္မတကြီးဦးသိန်းစိန်နှင့်အတူ လာရောက်ခဲ့စဉ် နာဂဒေသအတွင်း၌ ကျန်းမာရေး ဝန်ထမ်းများ လိုအပ်ချက်ရှိကြောင်းကို တင်ပြချက်များအရ သိရှိခဲ့ရသဖြင့် တပ်မတော်သားဆေးမှူးအရာရှိများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝေးလံခေါင်ဖျားဒေသများမှ တိုက်နယ်ဆေးရုံ၊ ဆေးခန်း များတွင် တာဝန်ထမ်းဆောင်နိုင်ရေး စေလွှတ်၍ တာဝန်ပေးအပ်ခဲ့ကြောင်း။
  • ပညာသင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် တက်ရောက်အောင်မြင်ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်း လိုအပ်ချက်များအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။
  • ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဥပဒေအရ ဖြေရှင်းခဲ့ခြင်း မရှိသဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
  • ထိုသို့ တာဝန်ယူထမ်းဆောင်ချိန်တွင် NLD ပါတီကို ထောက်ခံသည့်သူများက နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး ဆူပူဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်လည်း ဥပဒေနှင့်အညီသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။
  • လဟယ်ဒေသတွင် လျှပ်စစ်ဓာတ်အား ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး လေရှီးဒေသတွင်လည်း လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နန်းယွန်းဒေသတွင်လည်း လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အဆိုပါလုပ်ငန်းရပ်များ အားလုံး တိုးတက်အောင် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေး မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးနောက် လဟယ်မြို့၊ အားကစားကွင်းအား ပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြား ၁၆-၁-၂၀၂၃)

 

  • နာဂဒေသအတွင်း ပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်းတစ်ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်၊ ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်းမြစ်ကူး ထမံသီတံတား ပြီးစီးရေးနှင့် ထမံသီအထိ ကတ္တရာလမ်းခင်းကျင်းပေးနိုင်ရေး ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်၊ စာရာမေရိတောင်ခြေရှိ လေရှီး-လဟယ်ဆက်သွယ်ထားသည့် မြေသားလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်။
  • ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအတတ်ပညာများပါဝင်သည့် အခြေခံပညာအထက်တန်းကျောင်းတစ်ခုကို ဆောင်ရွက်ပေးမည်ဖြစ်။
  • လက်ဖက်နှင့် ကော်ဖီကို နာဂဒေသ၏အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို။
  • ပညာသင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် တက်ရောက်အောင်မြင်ရမည်ဖြစ်၊ ပညာရေးဝန်ထမ်း လိုအပ်ချက်များအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်။
  • လဟယ်ဒေသတွင် လျှပ်စစ်ဓာတ်အား ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး လေရှီးဒေသတွင်လည်း လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နန်းယွန်းဒေသတွင်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment