ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၄ ရက်တွင် လွိုင်ကော်မြို့၊ ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ပြေးလမ်းနှင့် ကိုယ် ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစားခန်းမတို့ကို ဖွင့်လှစ်ပေးခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီလ ၁၅ ရက်တွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်း အောင်မြင့်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က တာဝန်ယူဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆိုလာပစ္စည်းများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆေးပစ္စည်းများကိုလည်းကောင်း ပေးအပ် လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဒေသခံပြည်သူများက လွိုင်ကော်မြို့အတွင်း တိုးမြှင့်ဆောင်ရွက်ပေးစေလိုသည့် လမ်း တံတားများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက တင်ပြချက်များအပေါ် လက်ရှိ ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် ထပ်မံဆောင်ရွက်ပေးမည့် အစီအမံများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
ဆက်လက်၍ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက် ရောက်၍ ပြခန်းမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများအလိုက် ပြသထားရှိသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါပြခန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်နယ်အတွင်း MSME လုပ်ငန်းများနှင့် နိုင်ငံတော်မတည်ငွေဖြင့် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသော လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်များ၊ နိုင်ငံ့စီးပွားနှင့် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝကို အထောက်အကူပြုနေသည့် လျှပ်စစ်၊ သတ္တုနှင့်သစ်တောကဏ္ဍ တိုးတက်ဆောင်ရွက်မှု များ၊ ပြည်နယ်၏ အနာဂတ်ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် ပြည်နယ်အတွင်းရှိ အထင်ကရနေရာမှတ်တမ်းများကို ကဏ္ဍစုံလင်စွာဖြင့် ခင်းကျင်းပြသထားပြီး ပြခန်းများကို ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်သူများ လာရောက်လေ့လာနိုင်ရန်အတွက် ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၁-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက (၇၁)နှစ်မြောက်ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ပြေးလမ်း၊ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစားခန်းမနှင့် ကယားပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲတို့ကို ဖွင့်လှစ်ပေးခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ကယားပြည်နယ်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ထပ်မံဆောင် ရွက်ပေးမည့် အစီအမံများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့။
Add new comment