နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ပုသိမ်အကျဉ်းထောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် တောင်ငူ အကျဉ်းထောင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
- ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့ရာ အကျဉ်းထောင်ရှိ ဗဟိုကင်း၊ အကျဉ်းသား/အချုပ်သား အိပ်ဆောင်များ၊ မီးဖို ကြီး၊ ရိက္ခာဂိုဒေါင်နှင့် ဇန်နဝါရီ ၆ ရက်တွင် အကျဉ်းထောင်အတွင်း အကျဉ်းသား/အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် ဆူပူအကြမ်းဖက်မှုဖြစ်ပွားစဉ် ၎င်းတို့ကိုင်စွဲအသုံးပြုခဲ့သည့် ပစ္စည်းကိရိယာများ၊ ၎င်းတို့ဖျက်ဆီးခဲ့သည့် လုံခြုံရေးအထောက်အကူပြုပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုတို့ကို တာဝန်ရှိသူများနှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့။
- ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိကာ အကျဉ်းထောင်အဝင်ဝရှိ ထောင်ဝင်စာပါဆယ်လက်ခံရေးမှတ်တမ်းဌာနစိတ်နှင့် ပါဆယ်ရှာဖွေရေးဌာနစိတ်တို့တွင် လာရောက်ပေးပို့သည့် ပါဆယ်ပစ္စည်းများကို Luggage X-Ray Scanner စက်ဖြင့် စနစ်တကျ စစ်ဆေးရှာဖွေနေမှုကိုလည်းကောင်း၊ အကျဉ်းထောင် CCTV Control Room အတွင်းရှိ လုံခြုံရေးစောင့်ကြည့်နေမှုကိုလည်းကောင်း၊ စားဖိုကြီးတွင် အကျဉ်းသား/ အချုပ်သားများ စားသုံးရန်အတွက် ထမင်းနှင့်ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့။
- ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ တောင်ငူအကျဉ်းထောင်သို့ ရောက်ရှိကာ အကျဉ်းထောင်ရှိ စားဖိုကြီးအသစ်ဆောက်လုပ်သည့်နေရာ၊ အကျဉ်းသား/ အချုပ်သားအိပ်ဆောင်များ၊ ရေချိုးကန်များနှင့် ဆေးရုံဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
ပြည်ထောင်စုဝန်ကြီးက အကျဉ်းထောင်လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်ရန်၊ အကျဉ်းထောင်ဆူပူမှုများဖြစ်ပွာလာပါက အချိန်တိုအတွင်းထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို စနစ်တကျလေ့ကျင့်ဆောင်ရွက်ထားရန်၊ အကျဉ်းသား/ အချုပ်သားများအား ချက်ပြုတ်ကျွေးမွေးရာတွင် စေတနာထား၍ဆောင်ရွက်ပေးရန် အကျဉ်းထောင်တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်အကျဉ်းထောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် တောင်ငူအကျဉ်းထောင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းထောင်လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင်ဆူပူ မှုများဖြစ်ပွာလာပါက အချိန်တိုအတွင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို စနစ်တကျ လေ့ကျင့်ဆောင်ရွက်ထားရန်မှာကြားခဲ့။
Add new comment