နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း အထင်ကရနေရာများ သွားရောက်လေ့လာ

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီလ ၁၁ ရက်တွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြပြီး ကချင်အနုပညာရှင်အသင်းချုပ်ဗဟိုကော်မတီရုံး၌ ကချင် တိုင်းရင်းသားတို့၏အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကရိန်နော်အပန်းဖြေရိပ်သာ၊ မြစ်ကြီးနားတက္ကသိုလ်၊ စီတာပူရပ်ကွက်နှင့် မနောကွင်းတို့သို့သွားရောက်၍ အဆိုပါနေရာများအသီးသီးကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

အဆိုပါမနောကွင်းအတွင်းရှိ ကချင်အနုပညာရှင်များအသင်းချုပ်ဗဟိုကော်မတီရုံးသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံ၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကချင်ပြည်နယ်၏ သဘာပတ်ဝန်းကျင် အလှအပများ၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများနှင့် ပြည်နယ်၏ဂုဏ်ကို ဖော်ကျူးသည့် ဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်နိုင်ရေး၊ မျိုးဆက်သစ် တိုင်းရင်းသားအနုပညာရှင်များ မွေးထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေးကြကာ အသင်းအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ကြပါသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် တပ်မတော်အထူးလေယာဉ်ဖြင့် နန်ပေါင်လေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁-၂၀၂၃)

 

 
   
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြပြီး ကချင်အနုပညာရှင်အသင်းချုပ်ဗဟိုကော်မတီရုံး၌ ကချင်တိုင်းရင်းသား တို့၏ အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။

Add new comment