၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံး၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာဧည့်ကြိုအကဖြင့် ဂုဏ်ပြုကြိုဆိုကြပါသည်။
ဇန်နဝါရီလ ၉ ရက်တွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားနှင့် မနောပွဲအား ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု(၆)မျိုး၊ ရှမ်းမျိုးနွယ်စု(၅) မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူ များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ရိုးရာအစဉ်အလာနှင့်အညီ မနောအကကို တပျော်တပါး စုပေါင်းဆင်နွှဲခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက မနောကွင်းဘေးတွင် ပြသထားသည့် ဌာနဆိုင်ရာပြခန်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် သတ္တုရေးရာ ပြခန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာပြခန်း၊ ကျောက်စိမ်းနှင့် အချောထည်ပြခန်း၊ တိုင်းရင်းဆေးထုတ်ကုန်ပြခန်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ဒေသထွက်သစ်သီးဝလံပြခန်း၊ အသင့်စား စားသောက်ကုန်ပြခန်း၊ ဂျပ်ခုတ်၊ ရက်ကန်း၊ ပိုးချည်မျှင်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြပြီးနောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာ ပြည်)တို့ ပူးပေါင်း၍ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို တက်ရောက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် မိုးလုံလေလုံအားကစားခန်းမအတွင်း မြန်မာနိုင်ငံအတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် ၁၂ ခုတို့မှ လက်ဝှေ့ကစားသမားများ၏ ယှဉ် ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြပါသည်။
ဇန်နဝါရီလ ၁၀ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကဖတ်ကြား၍ ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်း ဆက်အမှာစကားပြောကြားပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြား (Solar Home System Planes 120 w) အစုံ ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါသည်။
ကချင်ပြည်နယ်နေ့သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးသော အစည်းအဝေးကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတစဝ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်၍ ဝန်ကြီးချုပ် ဦးနုနှင့်အတူ မနောမဏ္ဍပ်ကို ဖွင့်လှစ်အလံတင်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သဖြင့် ထိုနေ့ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်ကျင်းပရာ ယခုနှစ်တွင်(၇၅)နှစ်မြောက်စိန်ရတုကို ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ ကို ဂုဏ်ထူးဆောင်ဆုများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(ပထမအဆင့်)ရပုဂ္ဂိုလ်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု(ဒုတိယအဆင့်)နှင့် (တတိယအဆင့်)ရပုဂ္ဂိုလ်များ၊ စီးပွားရေးဆိုင်ရာ(ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်)ရပုဂ္ဂိုလ်များနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ ရရှိသည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများ နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့သည် မြစ်ကြီးနားမြို့၊ အံတော်ရှင်းကျောင်းတိုက်သို့ သွားရောက်ပြီး ဝန်းသိုကျောင်းတိုက်နာယက ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ဆရာတော်သံဃာတော်များထံ ဆန်အိတ် ၂၀၊ ဆီ ၅ ပုံးနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီးနောက် မြစ်ကြီးနားမြို့၊ အောင်နန်း ရပ်ကွက်အတွင်းရှိ စိန့်ကိုလန်ဘန်ကက်သလစ်အသင်းတော်ဘုရားကျောင်းသို့ သွားရောက်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော်များမှ ဖာသာများ၊ သိက္ခာတော်ရဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်၍ အသင်းတော်များအတွက် သစ်သီးခြင်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁-၂၀၂၃)
- (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားနှင့်မနောပွဲအား ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုး နွယ်စု(၆)မျိုး၊ ရှမ်းမျိုးနွယ်စု(၅)မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ရိုးရာအစဉ်အလာနှင့်အညီ မနောအကကို တပျော်တပါး စုပေါင်းဆင်နွှဲခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုဝန်ကြီးများသည် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်းကျင်းပသည့် မြန်မာနိုင်ငံအတွင်းရှိ ရိုးရာ လက်ဝှေ့ကလပ် ၁၂ ခုတို့မှ လက်ဝှေ့ကစားသမားများ၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဖတ်ကြားခဲ့။
- (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို မြစ်ကြီးနားမြို့၊ မြိုတော်ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဆုများနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ခဲ့။
Add new comment