ဇန်နဝါရီလ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သား ၇၀ ခန့်သည် အိပ်ဆောင်ဝင်းတံခါးများကို ချိုးဖျက်ဖျက်ဆီးခြင်း၊ အကျဉ်းဦးစီးဌာနဝန်ထမ်းများကို အော်ဟစ်ဆဲဆို ခြင်း၊ မချေမငံပြောဆိုခြင်းနှင့် ရန်မူရန်ကြိုးပမ်းလာခဲ့သဖြင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည်ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်အော်ဟစ်ဆူပူမှုများ ပြုလုပ်ခဲ့ကြပါ သည်။ ထို့နောက်အခြားအိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သားအချို့ကလည်း ထိုနည်းတူပြုလုပ်ကာ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့ သွားရောက်ရန်မူရန် ကြိုးစားလာကြပြီး အဆိုပါအိပ်ဆောင် ၂ ခု ပူးပေါင်း၍ ဖျက်ဆီးမှုများကို အရှိန်မြှင့် ဆောင်ရွက်လာကြကြောင်း သိရှိရပါသည်။
အဆိုပါဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် အခြေအနေကိုထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစီး၍ တာဝန်ရှိသူ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းတို့အား လူစုခွဲရန် ထပ်မံဖျောင်းဖျခဲ့သော်လည်း လိုက်နာမှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်မူတိုက်ခိုက်လာကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ကာ တုတ်/ဒိုင်း များဖြင့် နှိမ်နင်းခဲ့ရကြောင်း၊ ဆူပူအကြမ်းဖက်မှုကိုထိန်းသိမ်းနေစဉ် အကျဉ်းသားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုအခြေအနေအား လုံခြုံရေးတပ်ဖွဲ့များက ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။
အထက်ပါဖြစ်စဉ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၉ ဦး ပေါင်း ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၁ ဦးမှာ ၎င်းတို့အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိခဲ့ ပါသည်။ အဆိုပါဖြစ်စဉ်အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁-၂၀၂၃)
- ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သားများ၏ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၉ ဦး ပေါင်း ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၁ ဦးမှာ ၎င်းတို့အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိခဲ့။
- အဆိုပါဆူပူအကြမ်းဖက်မှုကို လုံခြုံရေးတပ်ဖွဲ့များက ထိန်းသိမ်းနိုင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်။
Add new comment