၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့တိုင်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းသို့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် စီစဉ်လျက်ရှိသော အကြမ်းဖက်အဖွဲ့များအား ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၊ အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီး ဖြစ်သူ ဥူးဇဝန(ခ)စိုးသန်းဝင်းအား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ ဥူးဇဝန(ခ)စိုးသန်းဝင်း၏ ထွက်ဆိုချက်နှင့် စိစစ်ဖော်ထုတ်ချက်များအရ-
- ကလောမြို့နယ်၌ တရားခံ ၃ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
- တောင်ကြီးမြို့၌ တရားခံ ၂ ဦးအား ဖမ်းဆီးရမိခဲ့။
- ညောင်ရွှေမြို့နယ်၌ တရားခံ ၂ ဦးနှင့် အကြမ်းဖက်သမား ၆ ဦး၏ အလောင်းများအား AK-47 သေနတ် ၁ လက်၊ M-4 သေနတ် ၁ လက်၊ MF-12 သေနတ် ၁ လက်၊ ကာဘိုင် ၁ လက်၊ လောင်ချာ ၁ လက်၊ လက်လုပ်သေနတ် ၇ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ ကျည်မျိုးစုံ ၂,၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ Drone ၁ စင်း၊ စကားပြောစက် ၄ လုံး၊ မြေပုံ ၇ ရွက်၊ ပြောက်ကျားယူနီဖောင်း ၈ စုံ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိခဲ့။
ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ-
- ဖမ်းဆီးရမိတရားခံ ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့် အိုက်ရွန်တို့ ၂ ဦး သည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအနီး၌ PDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း။
- ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်အတွင်း၌ NUG လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအား ဖမ်းဆီးရန်ကျန် တရားခံ ဖိုးခွား(ခ)ဖားပျံဖိုးခွား ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့အား အင်အား ၅၀ ဦး ခန့်ဖြင့်လည်းကောင်း၊
- ဇော်ဇော်အောင်(ခ)ဆရာကျောင်း ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့အား အင်အား ၄၀ ဦးခန့်ဖြင့်လည်းကောင်း၊
- ဖမ်းဆီးရန်ကျန်တရားခံ ကိုစိုင်း ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့ အား အင်အား ၁၀၀ ဦးခန့်ဖြင့်လည်းကောင်း၊
- ဖိုးခွား(ခ)အင်းဖိုးခွား ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့အား အင်အား ၁၅၀ ဦးခန့်ဖြင့်လည်းကောင်း၊
- ဖမ်းဆီးရန်ကျန် တရားခံ ခွန်ရောင်နီ(ခ)အောင်ဝင်း ခေါင်းဆောင်သည့် PNDF အမည်ခံအကြမ်းဖက်အဖွဲ့အား အင်အား ၅၀ ဦးခန့်ဖြင့်လည်းကောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ အသီးသီးဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရ။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်အင်အား ၇၀ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးဒေသအတွင်းသို့ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများမှ တစ်ဆင့် အဖွဲ့များခွဲ၍ ဝင်ရောက်လာပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ လုံခြုံရေးကင်းစခန်းများအားလည်းကောင်း၊ ပေါင်းပိန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်အားလည်းကောင်း ဝင်ရောက်တိုက်ခိုက် ပြီး အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာနေရာများ၊ ဘုရားဖူးများဖြင့် စည်ကားနေသည့် ဖောင်တော်ဦးဘုရားဝန်းကျင်နှင့် ဖောင်တော်ဦးဘုရားသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများအား ထိတ်လန့်ခြောက်ခြားစေရန်နှင့် သေကြေပျက်စီးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖောက်ခွဲမှုများ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ)ဆရာကျောင်းသည် ထိုင်းနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကြားနှင့် စင်္ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံ နန်းစံတို့၏ ချိတ်ဆက်မှုဖြင့် NUG အကြမ်းဖက်အဖွဲ့နှင့် ပြည်တွင်း/ ပြည်ပရှိ အစွန်းရောက်ထောက်ခံသူများထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍ လိုအပ်သော လက်နက်/ခဲယမ်းများအား ဝယ်ယူစုဆောင်းခဲ့ကြောင်း၊ တရားခံ တင်တင်ညို(ခ)မလေးသည် မင်းမင်းဦးမှတစ်ဆင့် ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့် ၎င်း၏ အကြမ်းဖက်အဖွဲ့များထံသို့ ငွေကြေးနှင့်ရိက္ခာပစ္စည်းများအား ၆ ကြိမ် ထောက်ပံ့ပေးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်မတိုင်မီတွင်လည်း ဇော်ဇော်အောင်(ခ)ဆရာကျောင်းထံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုသတင်းများအား ဆက်သွယ်ပြောကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်မှုကို မလိုလားသော တိုင်းရင်းသားပြည်သူများ၏ သတင်းပေးပို့ချက်များနှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အချိန်မီကြိုးပမ်း ဖော်ထုတ်နိုင်မှုများကြောင့် ဖမ်းဆီးရမိခဲ့သောတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁-၂၀၂၃)
- အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့တိုင်ကြားချက်အရ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မည့် PDF အကြမ်း ဖက်အဖွဲ့ဝင် တရားခံ ကျား ၇ ဦး၊ မ ၁ ဦး၊ ပေါင်း ၈ ဦးအား အကြမ်းဖက်အဖွဲ့ဝင် အလောင်း ၆ လောင်း၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိခဲ့။
- အကြမ်းဖက်အင်အား ၇၀ ဦးခန့်သည် အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာနေရာများ၊ ဘုရားဖူးများဖြင့် စည်ကားနေသည့် ဖောင်တော်ဦးဘုရားဝန်းကျင်နှင့် ဖောင်တော်ဦးဘုရားသို့ လာ ရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများအား ထိတ်လန့်ခြောက်ခြားစေရန် နှင့် သေကြေပျက်စီးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖောက်ခွဲမှုများ ဆောင်ရွက်သွားရန် စီစဉ်ထားရှိခဲ့ကြောင်း။
Add new comment