KNLA တပ်မဟာ(၆)နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များသို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်

     ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံအခြေချစစ်ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များသို့ KNLA တပ်မဟာ(၆)နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

KNLA တပ်မဟာ(၆)နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့၏ အင်အားအလုံးအရင်းဖြင့် ကြာအင်းဆိပ်ကြီးတပ်နယ်သို့ တစ်ချိန်တည်းတစ်ပြိုင်တည်း အလစ်အငိုက်လာရောက်တိုက်ခိုက်ခဲ့သော်လည်း (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်တွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည်ကို ကြိုတင်သတင်းရရှိထားသဖြင့် တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေများ၏ လုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိမှုကြောင့် အကြမ်းဖက်အဖွဲ့များသည် အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ပါသည်။

အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် တပ်ရင်းဌာနချုပ်များသို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အရာရှိ၊ စစ်သည်၊ ရဲမေများ၏ ကြံ့ကြံ့ခံ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရေးကြီးအဆောက်အဦများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများနှင့် လူနေအဆောက်အဦများအနီးသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရိုးကပ်လျက် လူနေထိုင်ခြင်းမရှိသော စွန့်လွှတ်အဆောက်အဦအချို့ကိုသာ ဖရိုဖရဲပြန်လည်ဆုတ်ခွာ၍ မီးရှို့ဖျက်ဆီးခဲ့ပါသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ အလောင်းအချို့နှင့် လက်နက်/ ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းများက တပ်နယ်လုံခြုံရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မဲဝိုင်တပ်မတော်ရှေ့တန်း လုံခြုံရေးစခန်းကိုလည်း ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ က လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် မဆုတ်မနစ် ခုခံတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်ပူးပေါင်းအဖွဲ့များထံမှ လက်နက်/ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၄-၁-၂၀၂၃)

 

 
   
  • ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံအခြေချစစ်ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များသို့ KNLA တပ်မဟာ(၆)နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံး အရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေများ၏ လုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိမှုကြောင့် အကြမ်းဖက်အဖွဲ့များသည် အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက် ပြေးသွားခဲ့။
  • ဖာပွန်မြို့နယ်အတွင်းရှိ မဲဝိုင်တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းကို အကြမ်းဖက်ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ စခန်းတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် မဆုတ်မနစ် ခုခံတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့။

Add new comment