နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်၊ စာပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိပါသည်။
၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ PDF အကြမ်းဖက်သမားများသည် ဆရာ၊ ဆရာမများအား နှောင့်ယှက်ခြိမ်းခြောက်မှုများပြုလုပ်၍ မောင်းထုတ်ကာ ကျောင်းဝင်း အတွင်း၌ အကြမ်းဖက်အဖွဲ့များ နေထိုင်ကြခြင်း၊ အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ခြင်းများ၊ ကျောင်းဝင်းအတွင်း လက်နက်/ခဲယမ်းများ ထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
ထို့ကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ယုတ်မာရိုင်းစိုင်းမှုကို ရွံ့ရှာမုန်းတီးလျက်ရှိပြီး ကျောင်းဖွင့်လှစ်ပေးရန်လိုလားသော ကျောင်းသားမိဘများ၊ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်စွာ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(မြကန်)သို့ သွားရောက်ရှင်းလင်းရှာဖွေခဲ့ရာ ကျောင်းဝင်းအတွင်းမှ လက်လုပ်သေနတ် (အရှည်) ၇ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ လက်လုပ် RPG ၃ လက်၊ ၁၂ ဗို့ကျည် ၁၄၃ တောင့်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၁ လုံး၊ ယမ်းမဲ ၂ ပိဿာ၊ ဆားကစ်ပြား ၂ ခု၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁၃ လုံး၊ ဝါယာကြိုး ၃၀ ပေ၊ နိုင်လွန်ကြိုး ၃၀၀ ပေ၊ ကြေးနန်းကြိုး ၃၀ ပေ၊ ဆေးထိုးပိုက် ၆ ချောင်း၊ ပြောက်ကျားဦးထုပ် ၈ လုံး၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ချိန်းဆော ၁ ခု၊ အင်ဗာတာ ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၈ လုံး၊ ဖောက်ခွဲ ဖျက်ဆီးရေးတွင် အသုံးပြုမည့် ဆိုင်ကယ်ဘောစေ့ ၅၀ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
သို့ဖြစ်ပါ၍ တာဝန်ရှိသူများက ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကျောင်းမဖွင့်လှစ်နိုင်ရန် ခြိမ်းခြောက်အကြပ်ကိုင်သူ အကြမ်းဖက်သမားများအား ဖော် ထုတ်ဖမ်းဆီး၍ ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁-၂၀၂၃)
- ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ PDF အကြမ်းဖက်သမားများသည် ဆရာ၊ ဆရာမများအား နှောင့်ယှက်ခြိမ်းခြောက်မှုများ ပြုလုပ်၍ မောင်းထုတ်ကာ ကျောင်းဝင်းအတွင်း၌ အကြမ်းဖက်အဖွဲ့များ နေထိုင်ကြခြင်း၊ အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ခြင်းများ၊ ကျောင်းဝင်းအတွင်း လက်နက်/ခဲယမ်းများ ထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်းဆည်းခြင်းများလုပ်ဆောင်လျက်ရှိ။
- လုံခြုံရေးတပ်ဖွဲ့ဝင်မျာက အကြမ်းဖက်မှုကို မလိုလားသည့်ပြည်သူများ၏ သတင်းပေးပို့ချက်အရ သွားရောက်ရှင်းလင်းရှာဖွေခဲ့ရာ ကျောင်းဝင်းအတွင်းမှ လက်လုပ်သေနတ်(အရှည်) ၇ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ လက်လုပ် RPG ၃ လက်၊ ၁၂ ဗို့ကျည် ၁၄၃ တောင့်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့။
Add new comment