နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့်နေရာများ၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် Mandalay Young Force (MYF) နှင့် ဝက်လက် PDF အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီ ကြိုတင်သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိ

    PDF အကြမ်းဖက်အဖွဲ့များသည် နှစ်သစ်ကူးကာလအတွင်း အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် မန္တလေးမြို့အတွင်း၌ အများပြည်သူများ စုဝေးလျက်ရှိသည့်နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီး ခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၌ Mandalay Young Force (MYF) အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်းတို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များနှင့် စိစစ်ဖော်ထုတ်ချက်များအရ-

  • အမရပူရမြို့နယ်၌ Mandalay Young Force (MYF) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးအား ဖမ်းဆီးရမိခဲ့။
  • အောင်မြေသာစံမြို့နယ်၌ ဝက်လက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီးရမိခဲ့။
  • ပြည်ကြီးတံခွန်မြို့နယ်၌ Mandalay Young Force (MYF) အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၈ ဦးအား တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • မဟာအောင်မြေမြို့နယ်၌ တရားခံ ၁ ဦးနှင့် ချမ်းမြသာစည်မြို့နယ်၌ တရားခံ ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့။
  • ချမ်းအေးသာစံမြို့နယ်၊ မလွန်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒြာ စက္က(ခ)အေးကိုအား သင်္ကန်းခြင်းအတွင်း၌ ထည့်ထားသော PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ ၆ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံးတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့။
  • ဖြစ်စဉ်တွင် တရားခံ ကျား ၁၄ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁၁ လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Mandalay Young Force (MYF) နှင့် ဝက်လက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည်-

  • အောင်မြေသာစံမြို့နယ်၊ စည်ပင်သာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄)ရဲစခန်းတို့အားလည်းကောင်း၊
  • အမရပူရမြို့နယ်ရှိ ကပ်ကျော်ဘုရားနှင့် တောင်သမန်အင်းတို့အားလည်းကောင်း၊
  • အောင်မြေသာစံမြို့နယ်၊ “ရတနာပုံ”တိရစ္ဆာန်ဥယျာဉ်နှင့် ကျုံးပတ်လည်ရှိ လူစည်ကားရာနေရာများအားလည်းကောင်း၊
  • ချမ်းမြသာစည်မြို့နယ်ရှိ Ocean Center နှင့် နှစ်သစ်ကူးကာလ ပျော်ပွဲရွှင်ပွဲ ပြုလုပ်မည့် ချမ်းအေးသာဇံမြို့နယ်၊ “မန္တလာသီရိ” ဘောလုံးကွင်းတို့အားလည်းကောင်း ယုတ်မာရက်စက်သောအကြံဖြင့် အပြစ်မဲ့ပြည်သူများ သေကြေ ပျက်စီးစေရန် ရည်ရွယ်လျက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေမှုအားအကြမ်းဖက်မှုကို မလိုလားသော တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်းရှာဖွေစစ်ဆေး ဖော် ထုတ်မှုတို့ကြောင့် အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးရေးမဆောင်ရွက်နိုင်မီ အချိန်မီ ကြိုတင်သတင်းလက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာလ၌ အောက်ဆီဂျင်အိုးများအတွင်း လက်နက်၊ ခဲယမ်းများ သိုဝှက်သယ်ဆောင်ခဲ့သကဲ့သို့ ယခုဖြစ်စဉ်၌လည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ တန်ဖိုးထားသည့်သင်္ကန်းခြင်းအတွင်း ဖောက်ခွဲရေးပစ္စည်းများသိုဝှက်၍ ယုတ်မာရက်စက်သောစိတ်ဓာတ်များဖြင့် အဖျက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတိပြုဖွယ် တွေ့ရှိရပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁-၂၀၂၃)

 

  • နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့်နေရာများ၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် Mandalay Young Force (MYF) နှင့် ဝက်လက် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင် တရားခံ ကျား ၁၄ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁၁ လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ အချိန်မီ ကြိုတင်သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိခဲ့။
  • အကြမ်းဖက်သမားများအနေဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာလ၌ အောက်ဆီဂျင်အိုးများအတွင်း လက်နက်၊ ခဲယမ်းများ သိုဝှက်သယ်ဆောင်ခဲ့သကဲ့သို့ ယခုဖြစ်စဉ်၌လည်း ဗုဒ္ဓ ဘာသာမြန်မာ လူမျိုးတို့ တန်ဖိုးထားသည့်သင်္ကန်းခြင်းအတွင်း ဖောက်ခွဲရေးပစ္စည်းများသိုဝှက်၍ ယုတ်မာရက်စက်သောစိတ်ဓာတ်များဖြင့် အဖျက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတိပြုဖွယ်တွေ့ရှိရ။

Add new comment