၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများနှင့် အပန်းဖြေနေရာများ၌ ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက်ရှိရာ-
- ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပသော (၁၅)ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက အုပ်စုလိုက်၊ အဖွဲ့လိုက် လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ။
- မန္တလေးတိုင်းဒေသကြီး၊ အင်းဝရှေးဟောင်းနယ်မြေ၌ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် တစ်ရက်လျှင် ခရီးသွားပြည်သူတစ်ထောင်ခန့်အထိ လာရောက်လည်ပတ်လျက်ရှိ။
- ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ များပြားခဲ့ပြီး တောင်ကုန်းတုများပေါ်တွင် နေဝင်ချိန်ဆည်းဆာမြင်ကွင်း ကြည့်ရှုရန် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက် ရှိ။
- မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အထင်ကရနေရာများဖြစ်သည့် သမိုင်းဝင်တန်ခိုးကြီးဘုရားများတွင် လာရောက်ဖူးမြော်သူများနှင့် ပန်းခြံများ၌ အပန်းဖြေသူများ၊ အလှဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိ။
- ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူ အများအပြားရှိသည့်အပြင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များ၊ ကျောက်မောင်နှမသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိ။
- ဒီဇင်ဘာလ ၃၁ ရက်(နှစ်သစ်ကူးနေ့)တွင် ငွေဆောင်ကမ်းခြေရှိ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်းနှင့် ဘုရားသုံးဆူသို့ သွားရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ။
- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ်အတွင်းရှိ အထင်ကရအပန်းဖြေကျွန်းများသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ။
လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ဈေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန် ရှိသူများက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
နှစ်ဟောင်းအကုန် နှစ်သစ်ကူးကာလတွင် မြန်မာနိုင်ငံတစ်ဝှမ်းတည်ငြိမ်အေးချမ်းလျက်ရှိပြီး NUG/PDF အကြမ်းဖက်အဖွဲ့များက ပြည်သူများ၏ ပျော်ပွဲရွှင်ပွဲများပြုလုပ်မှုအပေါ် ခြိမ်းခြောက်မှုများရှိသော်လည်း တည်ငြိမ်အေးချမ်းမှုကို လိုလား သော ပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နှစ်သစ်အခါသမယတွင် ပြည်သူများက လုံခြုံအေးချမ်းစွာ မိသားစုများအလိုက် အပန်းဖြေခရီး ထွက်ခြင်းနှင့် ဘုရားဖူးခရီးစဉ်ထွက်ခြင်းတို့ဖြင့် စိတ်အေးချမ်းသာစွာ ဖြတ်သန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂-၁-၂၀၂၃)
- ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများနှင့် အပန်းဖြေနေရာများ၌ ပြည်တွင်း/ပြည်ပခရီးသွားများဖြင့် စည်ကားလျက်ရှိ။
- လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး၊ လုံခြုံမှုရှိစေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိ။
Add new comment