နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

     ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနားကို ဒီဇင်ဘာလ ၃၀ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဝန်ကြီးဌာနများမှ အားကစား အသင်းများအလိုက်အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အသင်းလိုက်ဆုရရှိခဲ့ကြသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁၂-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ပထမဆုရရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့။

Add new comment