နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

     ယနေ့ကျရောက်တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ဘေးဘယာများဝေးကွာကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ရပါတယ်။

၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အခက်အခဲများစွာနဲ့ စိန်ခေါ်မှုပေါင်းစုံကြားကနေ ကျွန်တော်တို့အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ သဘောထားပြည့်ဝမှု တွေနဲ့ပဲ အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများအားလုံးရဲ့ စုစည်းညီညွတ်အားနဲ့ စိန်ရတုပြည်ထောင်စုနေ့အခါသမယကိုလည်း ခမ်းနားထည်ဝါစွာ ဖြင့် ဂုဏ်ယူဖွယ်ကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း လွတ်လပ်ရေးရဲ့အရသာကို ကျွန်တော်တို့ ညီအစ်ကိုတွေ အပြည့်အဝမခံစားရသေးပါဘူး။ လွတ်လပ်ရေးနဲ့ အတူပေါက်ဖွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေေကို တတ်နိုင်သမျှချုပ်ငြိမ်းအောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများအပေါ်မှာ အလားအလာကောင်းတဲ့ သဘောတူညီမှုများရရှိခဲ့ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးရဲ့ ကောင်းကျိုးကို တကယ့်ရင်ထဲက စစ်မှန်တဲ့စေတနာ၊ မေတ္တာအမှန်တရားနဲ့ လိုလားဖို့ပဲ အရေးကြီးပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့အခွင့်အရေး ပိုမိုဆောင် ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေအပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေဖို့ ဆောင်ရွက်နေပါတယ်။

၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကိုခံစားဖို့ အစပျိုးတဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကိုဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကိုအရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံး အတူတကွလျှောက် လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ခိုင်မာစေရန်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယခုရှိပြီးသားထက်ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲဖြစ်ပါတယ်။ အဲဒီလိုခရီးဆက်နိုင်အောင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးများအားလုံးဖွင့်လျက် လက်ကမ်းကြိုလျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာမှာဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ နိုင်ငံတကာအရေးအခင်းအချို့ကို ကျွန်တော်တို့ ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုအားလုံး ပိုမိုသတိရှိရမယ်။ ပိုမိုအသိရှိရမှာ ဖြစ်ပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့ဆိုရင် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသလို ကျွန်တော်တို့အားလုံး စည်းလုံးစွာနဲ့ ကျော်ဖြတ်ဖို့ပဲလိုပါမယ်။

ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာကာလအတွင်း နိုင်ငံနဲ့လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေးအခေါ်များနဲ့ လုပ်ဆောင်ချက်များကို ချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘော ဆောင်ရွက်ချက်များကို “မြန်မာစိတ်” မွေးပြီးတော့ စည်းစည်းလုံးလုံးလုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့သွားချင်တဲ့ “ပန်းတိုင်”ကို မလွဲမသွေရောက်ရှိမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး နိုင်ငံ့ အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတွေကို မျိုးဆက်သစ်လူငယ်တွေအတွက် တည်ဆောက်ပေးသွားကြပါမယ်။ မျိုးဆက် သစ်လူငယ် တွေဆီကနေ တိုင်းပြည်အတွက်အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ ကျွန်တော်တို့ တာဝန်ရှိသူများအားလုံး ညီညွတ်စွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ယနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယမှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိတို့တစ်ဦးတစ်ယောက်ချင်းအတွက်သာမက နိုင်ငံတော်အတွက်ပါ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာနဲ့ ကောင်းကျိုးလိုရာ အဖြာဖြာ ဖန်တီးနိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

အားလုံးကိုကျေးဇူးတင်ပါတယ်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ တတ်နိုင်သမျှချုပ်ငြိမ်းစေရန် ငြိမ်းချမ်းရေးကို ကိုယ်တိုင်ဖိတ်ခေါ်ဆွေးနွေးခဲ့ရာ အလားအလာကောင်းသော သဘောတူညီမှုများကိုရရှိခဲ့။
  • တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရေး တိုင်းရင်းသားဒေသများအပါအဝင် မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိ။
  • ၂၀၂၃ ခုနှစ်သည် မြန်မာတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များခံစားရန် အစပျိုးသည့် နှစ်တစ်နှစ်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုတွင် သမိုင်းကောင်း တစ်ခုကိုဖန်တီးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူများ ပိုင်ဆိုင်ခွင့်ရသည့်နှစ်တစ်နှစ်ဖြစ်သောကြောင့် အဆိုပါအခွင့်အရေးကိုအရယူနိုင်ရန်မျှော်လင့်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိမိတို့အားလုံး အတူတကွလျှောက်လှမ်းချင်သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယခုရှိပြီးသားထက်ပိုမိုသော ပေါင်းစည်းညီညွတ်မှုများဖြင့် ရှေ့ကိုခရီးဆက်ရာတွင် ဘက်ပေါင်းစုံမှ ရှိသမျှတံခါးများအားလုံးဖွင့်လျက် လက် ကမ်းကြိုလျက်ရှိ။

Add new comment