နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန် တိုးချဲ့(၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

       (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန် တိုးချဲ့(၅)ထပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင့်တိုင်မြို့နယ်ရှိ အဆိုပါ ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေချိန်တွင် နိုင်ငံတော်နှင့်ပြည်သူလူထု၏ လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်လျက်ရှိကြောင်း။
  • လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဆိုသည့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု ကို အဓိကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း၊ စတုတ္ထလှိုင်းရောဂါကူးစက်မှု အဆိုးရွားဆုံးကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်ရှိသမျှ လူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်းအားများနှင့် ဆောင်ရွက်ခဲ့သည်ကိုလည်း အားလုံးတွေ့ရှိနိုင်မည်ဖြစ်ကြောင်း။
  • ယခုအခါ ကိုဗစ်-၁၉ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့်လုပ်ငန်းများကို ဖြစ်နိုင်သမျှနည်းလမ်းများနှင့် ပြန်လည်ကုစားရာတွင် ကျန်းမာရေးကဏ္ဍရှိ နှောင့်နှေး ခဲ့ရသည့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကုသရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ ဆေးပညာသင်ကြားရေးလုပ်ငန်းများကို အင်အားပြည့်ဆောင်ရွက်နိုင်ကြရန်အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • ဆေးရုံသမိုင်းကြောင်းအရ အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်ကို ၁၈၉၅ ခုနှစ်မှာ မသန်စွမ်းနှင့် အနာကြီးရောဂါကုဂေဟာအဖြစ် စတင်ထူထောင်ဖွင့်လှစ်ခဲ့ကာ ၁၉၇၆ ခုနှစ်တွင် အရိုးရောဂါကုဆေးရုံအဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ခုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် ခါးရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသခြင်း၊ လက်ပိုင်းဆိုင်ရာအနုစိပ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး၊ အစားထိုးကုသခြင်းနှင့် အထွေထွေအရိုးရောဂါကုသခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း။
  • နိုင်ငံတော်အစိုးရအနေနှင့် ကျန်းမာရေးဝန်ထမ်းများ အင်အားပြည့်ထမ်းဆောင်နိုင်ရေးအတွက်လည်း လက်ထောက်ဆရာဝန်သစ်များခန့်ထားခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင် ရွက်ပေးခြင်း၊ သူနာပြုသစ်များခန့်အပ်ခြင်း၊ ဆေးဘက်ကျွမ်းကျင်သင်တန်းများ၊ အကူသူနာပြုသင်တန်းများဖွင့်လှစ်ခြင်း၊ ဘာသာရပ်ဆိုင်ရာအထူးကုဆရာဝန်များ တိုးတက်လာအောင် ဘွဲ့လွန်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့် လှစ်ခြင်း တို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လုပ်ငန်းခွင်သာယာရေးအတွက် ယခုကဲ့သို့ ဆေးရုံအဆောက်အဦအသစ်များဆောက်လုပ်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးခြင်း၊ ဝန်ထမ်းများအတွက် ရရှိသင့်သည့် ချီးမြှင့်ငွေများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • ယခုကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားမှသည် ပြည်သူများ အားထားယုံကြည်ရသည့် အထူးကုဆေးရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်နှင့် အထူးကုဆေးရုံကြီး၏ အဆောက်အဦသစ် လွင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ ကျန်းမာရေးဝန်ဆောင်မှု ကောင်းမွန်ခြင်းနှင့် ဆေးရုံသစ်ကြီး၏ အတွင်း/အပြင် ပတ်ဝန်းကျင်ကောင်းမွန်ခြင်းစသည့် အခြေအနေကောင်းများကို ဆေးရုံအုပ်ကြီးနှင့်တကွ ကျန်းမာရေးဝန်ထမ်းများ အားလုံးက မိသားစုစိတ်ဓာတ်ဖြင့် စုစည်းညီညွတ်စွာ ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျထိန်းသိမ်းကြရန်လိုကြောင်း ပြောကြားခဲ့။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ပေးအပ်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တိုးချဲ့(၅)ထပ်ဆောင်အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်ကြီး(ကြည်း)နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၂-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ ဝင်များသည် အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန် တိုးချဲ့(၅)ထပ် ကုသဆောင် သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့။

Add new comment

Switch to plain text editor