လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကျင်းပ

      လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ The Heritage Pattaya Beach Resort ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင်-

  • ထိုင်းနိုင်ငံ (ONCB) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon က သက်ဆိုင်ရာနိုင်ငံအလိုက် ပရီကာဆာဓာတုပစ္စည်းများပူးပေါင်းထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး ဆောင်ရွက်သည့်အခြေအနေနှင့် ရှေ့ဆက် တားဆီး ဆောင်ရွက်မည့်ကိစ္စရပ်များအားလည်းကောင်း။
  • မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိကြောင်းနှင့် ရွှေတြိဂံဒေသရှိ နိုင်ငံများအနေဖြင့် ပရီကာဆာဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေခြင်းကြောင့် လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား ယခုထက်ပိုမိုပူးပေါင်းထိန်းချုပ်ရေး၊ ဖမ်းဆီးရမိမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ရန် အဆင့်လိုက် Contact Person များ ထားရှိရေးကိစ္စရပ်များအားလည်းကောင်း။
  • လာအိုအမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးကော်မရှင် (LCDC) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Inpong Chanthavongsa က မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများသည် လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံ ကြားသာမက အခြားကမ္ဘာ့နိုင်ငံများ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများကို ထိခိုက်စေကြောင်းနှင့် လာအိုနိုင်ငံအနေဖြင့် ဘေးကင်းလုံခြုံသော မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစင်တာ (SMCC)မှ ပရီကာဆာဓာတုပစ္စည်းများ ထိန်း ချုပ်ရေးလုပ်ငန်းများကို အလေး အနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးကျင်းပခြင်းကြောင့် အနာဂတ်တွင် လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ် ဆောင်၊ ရောင်းဝယ်မှု လျော့ကျသွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ လာအိုအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးကော်မရှင် (LCDC) အတွင်းရေးမှူးချုပ် Mr. Inpong Chanthavongsa ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၂-၂၀၂၂)

 

  • ပရီကာဆာဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့။
  • လာအို-မြန်မာ-ထိုင်း နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှု လျော့ကျသွားမည် ဖြစ်။

Add new comment