ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာကျောက်ကျားအောက်ဝ် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံရာတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့က-
- မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာနတည်ထောင်ခြင်းမှာ ချုံချင့်မြို့ရှိ ပြည်သူများသာမက တရုတ်ပြည်အနောက်ပိုင်းအထိပါ မြန်မာနိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် ချုံချင့်မြို့၌ တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင်ခရီးသွားမိတ်ဖက် မြို့တော်ရက်သတ္တပတ်အစီအစဉ်တို့ကို ကျင်းပရန်ရှိရာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲကျင်းပရာတွင် ပြခန်းပေါင်း (၁၅၀) ခင်းကျင်းပြသရန် စီစဉ်ထားရှိပြီး မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ခင်းကျင်းပြသသွားနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ခရီးသွားအသင်းအဖွဲ့များကို ဖိတ်ကြားသွားလိုကြောင်း။
- အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အွန်လိုင်းမှ တိုက်ရိုက်မြှင့်တင်ကြော်ငြာသွားမည့် အစီအစဉ်များလည်းပါဝင်ပြီး ယခုပြပွဲအား နှစ်စဉ်ပုံမှန်ကျင်းပနိုင်ရေးကိုလည်း စီစဉ်လျာထားကြောင်း၊ ချုံချင့်မြို့ရှိ ခရီးသွား ပြည်သူများအနေဖြင့် မြန်မာနိုင်ငံသို့ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲပေးနိုင်ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာနအနေဖြင့် တရုတ်-မြန်မာ ခရီးသွား မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးပြောကြားခဲ့။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တရုတ်ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဘာသာစကားမှ အစပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ချုံချင့်မြို့၌ မကြာမီကျင်းပမည့် တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင်ခရီးသွားမိတ်ဖက်မြို့တော် ရက်သတ္တပတ်အစီအစဉ်တို့တွင် ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ခရီးသွားပြခန်း(၅၀)အပြင် သွားလာနေထိုင်စားသောက်ရေးကိုပါ အခမဲ့စီစဉ်ဆောင်ရွက်ပေးမည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်တွင် အခြားခရီးစဉ်ဒေသများသို့ လည်း သွားရောက်လေ့လာလည်ပတ်စေလိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၂-၂၀၂၂)
|
Add new comment