နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဒီဇင်ဘာလ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ခြင်းနှင့် ကြီးကြပ်မှုကော်မတီ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် ချေးငွေစိစစ်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းဆွေးနွေး ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင်-
- နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် MSME အဖွဲ့များနှင့်တွေ့ဆုံစဉ် လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်။
- MSME လုပ်ငန်းများသည် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံစီးပွားရေး၏ ကုန်ထုတ်လုပ်မှု၌ ၉၉ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိပြီး နိုင်ငံ၏ GDP တွင် အရေးကြီးသောအခန်းကဏ္ဍမှ ရပ်တည်လျက်ရှိကြောင်း။
- MSME ၏ အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ်တို့နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တတ်နိုင်သရွေ့ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ပေးလျက်ရှိကြောင်း။
- MSME လုပ်ငန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၌ အေဂျင်စီဖွဲ့စည်းပြီးဖြစ်၍ အေဂျင်စီသည် ဆက်စပ်ဝန်ကြီးဌာန (၁၁) ခု၊ လုပ်ငန်းသုံးသပ်ရေးအဖွဲ့၊ ရန်ပုံငွေစိစစ်ရေးအဖွဲ့တို့နှင့်ချိတ်ဆက်၍ လုပ်ငန်းကော်မတီနှင့် ဗဟို ကော်မတီအဆင့်ဆင့်တို့ ချိတ်ဆက်တင်ပြဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ။
- စိုက်ဧကတိုးချဲ့မှုအစား လက်ရှိစိုက်ဧကအား သီးနှံအထွက် ပိုမိုတိုးမြှင့်ရေး ကြိုးပမ်းရန် လိုအပ်ကြောင်း၊
- သီးနှံတိုးတက်ထုတ်လုပ်နိုင်ရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲအသုံးပြု ရန်လိုအပ်မှု၊ သွင်းအားစု၊ လိုအပ်ရေပမာဏရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးကို ဂရုပြုရန်လိုသလို စိုက်ပျိုးရာတွင်လည်း နိုင်ငံတကာဈေးကွက်အထိ အဆင့်မီတင်ပို့နိုင်ရေး Good Agriculture practice(GAP) အသိပညာ သိရှိအောင် စိုက်ပျိုးသူများကို ပညာပေးရန်လိုကြောင်း။
- MSME လုပ်ငန်းများ၏ အဓိကအခက်အခဲများတွင် ချေးငွေရယူလိုမှုနှင့် ချေးငွေသက်တမ်းတိုးလိုမှုကိုတွေ့ရပြီး မှန်ကန်စွာဖြေရှင်းနိုင်ရန်မှာ ချေးငွေကို အချိန်မှန်ပေးဆပ်ရန်ပင်ဖြစ်ကြောင်း။
- ဒုတိယအချက်မှာ မြေနေရာရရှိလိုမှုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆန်စပါးအဓိကထုတ်လုပ်သောနိုင်ငံဖြစ်၍ လယ်မြေနှင့်ပတ်သက်လျှင် အခြားနည်းသုံးစွဲရန် ခွင့်မပြုကြောင်းကို နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားပြီး ဖြစ်ကြောင်း။
- အလားတူ စက်မှုဇုန်သည် ကုန်ထုတ်လုပ်မှုအတွက် ရည်ရွယ်ထူထောင်ထားခြင်းဖြစ်၍ လူနေအိမ်ရာနှင့် ရပ်ကွက်အဖြစ်သို့ ပြောင်းလဲ၍မရကြောင်း၊ မဖြစ်သင့်ကြောင်း။
- တတိယအချက်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ပြီး နိုင်ငံ၏လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေအရ လုံလောက်မှုမရှိသေးကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစေရေး၊ ရေအားလျှပ်စစ်၊ ဆိုလာစနစ်မှစ၍ အနုမြူစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအထိ နိုင်ငံတော်မှ စီမံဆောင်ရွက်နေကြောင်း။
- MSME လုပ်ငန်းများတွင် အသေးစားလုပ်ငန်းများသည် Export ထုတ်ရန်မလိုဘဲ ပြည်တွင်းသုံးစွဲမှုနှင့် အလတ်စား၊ အကြီးစားလုပ်ငန်းများတွင် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို ချိတ်ဆက်ဖြည့်ဆည်းနိုင်ရေး စဥ်းစားဆောင် ရွက်ရန်လိုကြောင်း။
- MSME လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ကိန်းဂဏန်း Data အချက်အလက်ပြည့်စုံစွာဖြင့် ဆွေးနွေးအဖြေထုတ်နိုင်ပါက ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၂)နောက်ပိုင်း တိုးတက်မှုကို တွေ့မြင်နိုင် မည်ဖြစ်ကြောင်း။
- နိုင်ငံတော်ဝန်ကြီးချုပ်မှ ရန်ကုန်မြို့အား နိုင်ငံ၏ စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဒေါက်တိုင်အဖြစ် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည်-
- ရွှေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန်(၃)ရှိ မြန်မာ့တိုင်းရင်းဆေးထုတ်လုပ်သည့် FAME တိုင်းရင်းဆေးဝါးစက်ရုံသို့ရောက်ရှိစဉ် စက်ရုံအတွင်း ဆေးဝါးများထုတ်လုပ်နေမှုများ၊ သုတေသနစမ်းသပ်ခန်းများနှင့် ထုတ်ကုန်ပစ္စည်းများ အရည် အသွေးစစ်ဆေး ဆောင်ရွက်နေမှုစသည်တို့အား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့။
- စက်မှုဇုန်(၇)ရှိ OK ဆီသွပ်ဗူးနှင့်ခေါက်ဆွဲခြောက်စက်ရုံသို့ ရောက်ရှိစဉ် စက်ရုံအတွင်း ကုန်ပစ္စည်းများသိုလှောင်ထားရှိမှုနှင့် စက်ရုံအတွင်း ထုတ်လုပ်ပုံအဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့။
- ရွှေလင်ဘန်းစက်မှုဇုန်ရှိ ထူးသစ်အစာတောင့်စက်ရုံသို့ရောက်ရှိစဉ် စက်ရုံအတွင်း ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှု ငါး၊ ပုစွန်အစာတောင့်များ ထုတ်လုပ်၊ ထုတ်ပိုးထားရှိမှုများအား လိုက်လံကြည့်ရှုလေ့လာခဲ့။
- လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ "ရွှေငါး" ငါးမုန့်စက်ရုံနှင့် TOP သီဟိုလ်စေ့စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမများတွင် စက်ရုံများအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စက်ရုံလုပ်ငန်းခွင်များအတွင်း စားသောက်ကုန်ပစ္စည်းများ အဆင့်ဆင့်ထုတ်လုပ်၊ ထုတ်ပိုးဆောင်ရွက် နေမှုများအား လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၂-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ FAME ဆေးဝါးစက်ရုံ၊ OK ဆီသွပ်ဗူးနှင့် ခေါက်ဆွဲခြောက်စက်ရုံ၊ ထူးသစ် ငါး/ ပုစွန်မွေးမြူရေးအစာတောင့်စက်ရုံ၊ "ရွှေငါး"ငါးမုန့်စက်ရုံ၊ TOP သီဟိုလ်စေ့စက်ရုံများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့။
- MSME လုပ်ငန်းများသည် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံစီးပွားရေး၏ ကုန်ထုတ်လုပ်မှု၌ ၉၉ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိပြီး နိုင်ငံ၏ GDP တွင် အရေးကြီးသောအခန်းကဏ္ဍမှ ရပ်တည်လျက်ရှိ။
- စိုက်ဧကတိုးချဲ့မှုအစား လက်ရှိစိုက်ဧကအား သီးနှံအထွက် ပိုမိုတိုးမြှင့်ရေး ကြိုးပမ်းရန်လိုအပ်။
- တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစေရေး၊ ရေအားလျှပ်စစ်၊ ဆိုလာစနစ်မှစ၍ အနုမြူစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအထိ နိုင်ငံတော်မှ စီမံဆောင်ရွက်နေ။
- MSME လုပ်ငန်းများတွင် အသေးစားလုပ်ငန်းများသည် Export ထုတ်ရန်မလိုဘဲ ပြည်တွင်းသုံးစွဲမှုနှင့် အလတ်စား၊ အကြီးစားလုပ်ငန်းများတွင် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို ချိတ်ဆက်ဖြည့်ဆည်းနိုင်ရေး စဥ်းစား ဆောင်ရွက်ရန်လို။
- နိုင်ငံတော်ဝန်ကြီးချုပ်မှ ရန်ကုန်မြို့အား နိုင်ငံ၏စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဒေါက်တိုင်အဖြစ် ကြိုးပမ်းဆောင်ရွက်သွားရန်လို။
Add new comment