ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးရန်နှင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် ဒီဇင်ဘာလ ၂၇ ရက်တွင်ကျင်းပသည့် အရှေ့ အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက်လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားရာတွင်-
- အမှန်တကယ် ဒုက္ခရောက်နေသူများကို ခေါ်ဆောင်နိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များစသည်တို့ကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်၍ ကူညီပေးသွားစေလိုကြောင်း။
- မြန်မာအလုပ်သမားများသည် ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေးဗျနိုင်ငံစသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်အကူလုပ်ငန်းနှင့် အခြားအထွေထွေလုပ်သားများအဖြစ် တရားမဝင်သွားရောက် လုပ်ကိုင်လျက်ရှိရာ အချို့သူများသည် အကြောင်းအမျိုးမျိုးဖြင့် လူမှုဒုက္ခများ ကြုံတွေ့လျက်ရှိနေကြောင်း။
- အဆိုပါ ဒုက္ခရောက်သူများနှင့်ပတ်သက်၍ လတ်တလောတွင် ဝန်ကြီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သည့်အမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
- တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းများကို ကာကွယ်တားဆီးရာတွင် အသိပညာပေးခြင်း၊ အများပြည်သူသိရှိစေရေး အသိပေးကြေညာပေးခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ထွက်ပေါက်များတွင် အလည်အပတ်ဗီဇာဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျသေချာစွာ စိစစ်ကြပ်မတ်၍ ၎င်းတို့ကို အသေးစိတ်မေးမြန်းပြီး တရားမဝင်ပို့ဆောင်သူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားနိုင်ရေး ဆောင်ရွက်သင့်ကြောင်း။
ရပ်တည်ရန်ခက်ခဲပြီး လူကုန်ကူးခံရနိုင်သည့် အခြေအနေတွင်ရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်လွှဲပြောင်းလက်ခံပြီးနောက် ယာယီလက်ခံစောင့်ရှောက်နိုင်ရန် ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် အခက်အခဲများ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားနှင့်စပ်လျဉ်း၍ Social Media တွင် ဒူဘိုင်းမှ live လွှင့် အကူအညီတောင်းခံခဲ့သည့် လူကုန်ကူးခံရသူ အမျိုးသမီး ၇ ဦးကို ကူညီထောက်ပံ့ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၂-၂၀၂၂)
- အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက်လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ဒုက္ခရောက်သူများနှင့်ပတ်သက်၍ လတ်တလောတွင် ဝန်ကြီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သည့်အမှုများကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့။
Add new comment