နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငါးဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

      နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်တွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဖြား တန်ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ဒုတိယဥက္ကဋ္ဌ ကျာဖူးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်များကို နှစ်ဖက်အသေးစိတ်ညှိနှိုင်းခဲ့ကြပြီးနောက် အစီအစဉ် ၈ ရပ်ကို ညှိနှိုင်းသဘောတူအတည်ပြုခဲ့ကြပြီး ပထမနေ့ဆွေးနွေးပွဲကို ရပ်နားခဲ့ပါသည်။ ဆွေးနွေးပွဲဒုတိယနေ့ကို ဒီဇင်ဘာလ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ၌ နှစ်ဖက်သဘောတူအတည်ပြုထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။      

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၂-၂၀၂၂)

 

  • နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် ဒီဇင်ဘာလ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့။
  • ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်များကို နှစ်ဖက်အသေးစိတ်ညှိနှိုင်းခဲ့ကြပြီးနောက် အစီအစဉ် ၈ ရပ်ကို ညှိနှိုင်းသဘောတူအတည်ပြုခဲ့ကြပြီး ပထမနေ့ဆွေးနွေးပွဲကို ရပ်နားခဲ့။

Add new comment