နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၃ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းက အသင်းချုပ် စတင်တည်ထောင်ခဲ့မှု၊ အသင်းချုပ်အားဖွဲ့စည်းထားရှိမှု၊ အသင်းချုပ်၏ ညီနောင်အသင်းအဖွဲ့များအား သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ စိစစ်လက်ခံမှု၊ အသင်းချုပ်၏လည်ပတ်နေမှု၊ အသင်းချုပ်၏ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များအား အသီးသီးအကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သကဲ့သို့ မိမိတို့အနေဖြင့်လည်း နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ကုန်ထုတ်လုပ်မှုများရှိမှသာလျှင် ရောင်းဝယ်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ရာ ထုတ်ကုန်များရရှိရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ကို အခြေခံသည့်လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း။
- MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်ရာ ပြည်တွင်းစီးပွားရေးကိုအားပေးရန်အတွက် ကုန်ထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက် ရန်လိုကြောင်း။
- ဒီမိုကရေစီပထမအစိုးရနှင့် ဒုတိယအစိုးရသက်တမ်းတို့တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုထက် ပြည်ပမှသွင်းကုန်တင်သွင်းမှုကို ဦးစားပေးခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် ထုတ်ကုန်များကို ဦးစားပေး၍ ဆောင် ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း။
- တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းချိန်၌ ဈေးကွက်စီးပွားရေးစနစ်ပိုမိုပီပြင်လာခဲ့ကြောင်း။
- မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရည်အတွက်များပြားစွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း။
- ရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများကို ထိရောက်စွာအသုံးချ၍ အကျိုးရှိစွာ အသုံးပြုမည်ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာတိုးတက်လာမည်ဖြစ်ကြောင်း။
- နိုင်ငံတော်မှထုတ်ချေးပေးသည့် ချေးငွေနှင့်ပတ်သက်၍ ဖွံ့ဖြိုးရေးအရ ချေးငွေများရှိသကဲ့သို့ စီးပွားရေးအရထုတ်ချေးပေးသည့် ချေးငွေများရှိကြောင်း၊ နိုင်ငံတော်မှတတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံငွေများထုတ်ချေးပေးလျက်ရှိကြောင်း။
- နိုင်ငံအတွင်းငွေကြေးလည်ပတ်သုံးစွဲမှုများ များပြားမှသာလျှင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း။
- ဓာတ်မြေဩဇာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံများရှိပြီး အဆိုပါစက်ရုံများလည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူပြီး ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာများအဖြစ် အသုံးချနိုင်ကြောင်း၊ အလားတူ အီးအမ်ဘိုကာချီကဲ့သို့သော သဘာဝမြေဩဇာများကိုလည်း အသုံးပြုဆောင်ရွက်၍ရကြောင်း။
- မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်ပြီး အကျိုးရှိစွာအသုံးချကြစေလိုကြောင်း။
- စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း။
- ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်ပြီး ၎င်းထက်ပိုမိုထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။
- သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ရေး ဘာသာရပ်များအလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးမည်ဆိုပါက နိုင်ငံတော် အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များစွာရှိပြီး သစ်နှင့်ဝါးသယံဇာတများကို စနစ်တကျထုတ်ယူအသုံးပြု၍ ၎င်းတို့မှ စက္ကူပျော့ဖတ်များထုတ်လုပ်၍ရကြောင်း။
- ပြည်တွင်း၌ စက္ကူပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ပြည်တွင်းမှ ထွက်ရှိသည့်ရာဘာများဖြင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရန်လိုကြောင်း၊ အလားတူချည်နှင့် ချည်ထည်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရမှုများရှိသဖြင့် ပြည်တွင်းဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
- အထည်ချုပ်လုပ်ငန်းများနှင့်ပတ်သက်၍ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းသည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ကြောင်း၊
- ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် သံမဏိများ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင် များကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ဘဏ်လုပ်ငန်းများရပ်တန့်ခဲ့ရကြောင်း၊ သို့သော် ယခုအခါဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း၊ နိုင်ငံအတွက် ဘဏ်လုပ်ငန်းသည် အရေးကြီး သဖြင့် ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။
- ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်နိုင်မည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် ဆေးဝါးလိုအပ်မှုများရှိသဖြင့် အချို့သောဆေးဝါးများမှလွဲ၍ ထုတ်လုပ်နိုင်သည့် ဆေးဝါးများကိုလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်း၌ ပုဂ္ဂလိကဆေးရုံလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။
- နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုတက်ရောက်လာကြသည့်အဖွဲ့အစည်းမှ အများဆုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့် နိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၂-၂၀၂၂)
|
Add new comment