ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်ရှိ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၂ ရက်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက ဂိတ်၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်နှင့် မီတာ ၃၀၀ ခန့်အကွာနေရာများမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာပြုလုပ်လျက်ရှိရာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကိုပါမချန် တိုက်ခိုက်ဖျက်ဆီးလျက် ရှိသောကြောင့် ပြည်သူများသည်လည်း စက်ဆုပ်ရွံရှာမုန်းတီးလျက်ရှိပါသည်။
အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ဂိတ်အနီးရှိ အမှတ်(၇)ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူအမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦးထိခိုက် ဒဏ်ရာများ ရရှိခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိသူများအား ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တောင်ကလေးမြို့ နယ်မြေခံတပ်မတော် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၂-၂၀၂၂)
|
Add new comment