ပြည်ထောင်စုဝန်ကြီးများ ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်

     နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင်-

  • မြန်မာကိုယ်စားလှယ်အဖွဲ့က အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်လျက်ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာစေရေး ဆောင်ရွက်နေသည့်ကိစ္စ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့်ကိစ္စနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လွတ်လပ်၍တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လိုအပ်သူအားလုံးထံရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ပေးအပ်သည့်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့။
  • CRPH NUG PDF များ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဝန်ထမ်းများ သေကြေခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်၊ ဈေးများအပါအဝင် နိုင်ငံပိုင်နှင့် ပြည်သူပိုင်အဆောက်အဦများ၊ လမ်း၊ တံတား၊ ပို့ဆောင်ဆက်သွယ်ရေးယာဉ်များ၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်းခံနေရကြောင်း၊ ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်နေသည့် အတွက် ဆက်သွယ်ဆောင်ရွက်ရန်မသင့်ကြောင်း၊ ထိုသို့အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားပေးထောက်ခံခြင်း မပြုသင့်ကြောင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့။
  • ဆွေးနွေးပွဲနှင့်ဆက်စပ်လျက် မြန်မာ-ထိုင်းနှစ်နိုင်ငံဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း သီးခြားအစီအစဉ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၂-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီးများ ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်လျက်ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်နေသည့်ကိစ္စ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့်ကိစ္စနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်၍တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်သူအားလုံးထံရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှပေးအပ်သည့်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့။

Add new comment