ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခရီးစဉ် ပူးတွဲသတင်းထုတ်ပြန်ချက်

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN အလုပ်သဘောခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ဆွေးနွေးပြောကြားချက်များနှင့်ပတ် သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

သတင်းထုတ်ပြန်ချက်

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ အလုပ်သဘော ခရီးစဉ် လာရောက်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းဆိုင်ရာအကျိုးတူကိစ္စရပ်များနှင့် အလေးပေးဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံများ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်  ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန်လည်း အသိပေးခဲ့သည်။ ဆက်လက်၍ သက်ဆိုင်သူများအားလုံးအနေဖြင့် နိုင်ငံ နှင့်ပြည်သူများ၏အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ်ရပ်စဲမှုကိုလက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဆုံးသတ် ရန်နှင့် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကလည်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်ရေးနှင့် တင်းမာမှုများလျှော့ချရေးတို့ကို ရည်ရွယ်သည့် ယင်းတောင်း ဆိုခဲ့မှုအပေါ် ခိုင်မာစွာ ထောက်ခံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေး နွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ ပါဝင်မှုကိုကြိုဆိုခဲ့သည်။ အဆိုပါအရေးကြီးသည့် လုပ်ဆောင်ချက်သည် အာဆီယံ၏ တူညီဆန္ဒ (၅) ချက်တွင် ထည့်သွင်းဖော်ပြထားသော အချက်ဖြစ်သည်။

နှစ်ဖက်ခေါင်းဆောင်များသည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာကူညီပံ့ပိုးမှုများပေးအပ်ရာတွင် အမှန် တကယ်လိုအပ်သူများထံသို့ ရောက်ရှိရန် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကဲ့သို့သော သက်ဆိုင်သူများအကြား အစည်းအဝေးတစ်ရပ်ကျင်းပရေးအတွက် အားပေးသွားမည်ဖြစ်သည်။ အမှန်တကယ် လိုအပ်လျက်ရှိသည့် ပြည်သူ များထံသို့ လူသားချင်းစာနာမှုအကူအညီများ ခွဲခြားမှုမရှိဘဲပေးအပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် သင့်လျော်သည့်ယန္တရားများနှင့် အစီအစဉ်များ သတ်မှတ်ဆောင်ရွက်သွားရန် အရေးကြီးကြောင်းနှင့် လူ့အသက်ကယ်ဆယ်ရေးသည် အရေးကြီးဆုံးကိစ္စဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက် ခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရတ်ဆော့ခွန်းအား အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝပံ့ပိုးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံတူညီဆန္ဒ(၅)ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက်အကူပြုသင့်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်ဦးနှစ်ဖက်အကျိုးရှိသောမူဝါဒကို ရှင်းလင်းမျှဝေခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သော အတွေ့အကြုံများနှင့် သင်ခန်းစာများအပေါ်အခြေခံ၍ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှုမပါရှိဘဲ အလုံးစုံငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိပြည်တွင်းအခြေအနေများကို ထည့်သွင်းစဉ်းစားလျက် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေး ပြောကြားခဲ့သည်။

အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းဖြစ်ပေါ်နေသည့်ကာလတွင် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်စေမည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန် နှာခေါင်းစည်း (၃,၂၀၀,၀၀၀) ခု၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(၃၀,၀၀၀)စုံ၊ အသက်ရှုအထောက်အကူပြုစက်(၅၀)လုံး၊ လူနာစောင့်ကြည့်စက်(၅၀)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင်စက်(၅၀)လုံးနှင့် အခြားသော ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းများ လှူဒါန်းခဲ့မှုအပေါ် ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူများအား လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆွေးနွေးပွဲအား အပြန်အလှန်နားလည်မှုနှင့် ရင်းနှီးပွင့်လင်းမှုတို့ကို အခြေခံ၍ ဆွေးနွေးကျင်းပခဲ့သည်။

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘော ဒီးယားနိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များ နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်ပြီး ၂၀၂၂ နှစ်ကုန် အထိ ထပ်မံတိုးမြှင့်သွားရန်လည်း အသိပေးခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ကလည်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်း ရေးရရှိရန် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်ရေးနှင့် တင်းမာမှုများ လျော့ချရေးတို့ကို ယင်းတောင်းဆိုခဲ့မှုအပေါ် ခိုင်မာစွာထောက်ခံခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်အပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရတ်ဆော့ခွန်းအား အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်နိုင် ရေးကို အပြည့်အဝ ပံ့ပိုးသွားမည်ဖြစ်။
  • အာဆီယံတူညီဆန္ဒ(၅)ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက်အကူပြုသင့်ကြောင်း အလေးအနက်ထားပြောကြားခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောရေးတို့ ရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏နှစ်ဦးနှစ်ဖက် အကျိုးရှိသော မူဝါဒကို ရှင်းလင်းမျှဝေခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သောအတွေအကြုံများနှင့် သင်ခန်းစာများအပေါ် အခြေခံ၍ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှုမပါရှိဘဲ အလုံးစုံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း အလေးထားပြော ကြားခဲ့။
  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်းခဲ့မှုအပေါ် ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူများအား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့။

 

Add new comment