NUG/ PDF အဖွဲ့တို့၏ ရက်စက်ယုတ်မာသော တမူးအကြမ်းဖက်မှုဖြစ်စဉ်

      ယခုလတ်တလော လူမှုကွန်ရက်မှာ လူအများစိတ်ဝင်စားနေတဲ့ သတင်းကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ NUG နဲ့ သူတို့ဖွဲ့စည်းထားတဲ့ PDF ဆိုတဲ့အဖွဲ့တွေရဲ့ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုတစ်ခုက ဖုံးမရဖိမရ ပေါ်ပေါက်လာခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကုန်ဆုံးတော့မယ့် ဒီဇင်ဘာလအစမှာပဲ တမူးက PDF အကြမ်းဖက်အဖွဲ့တွေက မအေးမာထွန်းလို့ခေါ်တဲ့ အပြစ်မဲ့အမျိုးသမီးငယ်တစ်ဦးကို အများပြည်သူအသုံးပြုတဲ့ လမ်းမပေါ်မှာ လက်ထိပ်ခတ်ရိုက်နှက်ပြီး သေနတ်နဲ့ ဦးခေါင်းကို အထပ်ထပ်အခါခါ ပစ်သတ်လိုက်တဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာသာမက နိုင်ငံတကာသတင်းမီဒီယာများကိုပါ ပျံ့နှံ့ခဲ့ပါတယ်။

NUG ကဖွဲ့စည်းထားတဲ့ တမူး PDF တပ်ရင်း ၄ ကလည်း ဒီလုပ်ရပ်ကို သူတို့လုပ်တာဖြစ်ပြီး NUG ရဲ့ စေခိုင်းချက်အတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားများကိုယ်တိုင် အင်တာဗျူးထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် NUG အကြမ်းဖက်အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောနေတာက သူ့လက်အောက်ခံ PDF အဖွဲ့တွေ လုပ်တာမှန်တယ်လို့ ဝန်ခံနေတာပဲဖြစ်ပါတယ်။ ဒီလိုရိုင်းစိုင်းယုတ်မာပြီး လူမဆန်တဲ့သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း သူတို့ကိုယ်တိုင်ဝန်ခံပြီး လူမှုကွန်ရက်ပေါ် ထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ရဲ့ တရားခံတွေဟာ NUG အဖွဲ့နဲ့ သူ့လက်ဝေခံ တမူး PDF အဖွဲ့ဖြစ်တယ်ဆိုတာ ခိုင်မာတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်။

ဒီအကြမ်းဖက်မှုမှာ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်လေးက အသက် ၂၂ နှစ် အရွယ်သာရှိသေးပြီး တမူးမြို့၊ မြို့မ (၁၂) ရပ်ကွက်မှာ နေထိုင်ကာ ကျပန်းလုပ်ကိုင်သူတစ်ဦးသာဖြစ်ကြောင်း သိရှိရပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့ အလုပ်လုပ်ရာက ပြန်လာစဉ်မှာ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အသတ်ခံရတဲ့နေ့ကိုတော့ အတိအကျမသိရဘူးလို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်တွေက အခုမှ ထွက်ပေါ်ခဲ့တာမဟုတ်ဘဲ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာလည်း မြိုင်မြို့နယ်က PDF တွေက မနန္ဒာဆိုတဲ့အမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုပ်၊ ဒူးထောက်ခိုင်းပြီး ဇက်ပိုးကို ဓားနဲ့ခုတ်ပြီး သတ်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာပါတယ်။ ဒီလိုထွက်ပေါ်ပြီး ၂ လအကြာ စက်တင်ဘာလအတွင်းမှာလည်း PDF အဖွဲ့တွေက အမျိုးသမီးတစ်ဦးကို ဒလန်လို့ စွပ်စွဲပြီး မျက်နှာကို အဝတ်စည်း၊ လက်ပြန်ကြိုးတုပ်ကာ လည်ပင်းလှီးသတ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်လာပါသေးတယ်။

ယခုသုံးခုမြောက်ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာတော့ အမျိုးသမီးငယ်လေးဟာ နောက်ဆုံးထွက်သက်အထိ သူသည်ဒလန်မဟုတ်ကြောင်း ငြင်းဆိုသွားခဲ့တာကို တွေ့ရပါတယ်။ ဒါတွေကို ကြည့်ရင် NUG ရဲ့စေခိုင်းချက်နဲ့ PDF အဖွဲ့တွေရဲ့ သတ်ဖြတ်မှုဖြစ်စဉ်တွေ ဘယ်လောက်များများရှိနေတယ်ဆိုတာ မှန်းဆလို့မရနိုင်အောင် ဖြစ်ရပါတယ်။ ဒီလိုလူမဆန်မှုတွေက ကမ္ဘာမှာ အော့ကြောလန်နေတဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေထက်တောင် ဆိုးရွားလွန်းနေသေးတယ်လို့ မြန်မာပြည်သူလူထုအကြား မှတ်ချက်ပြုနေကြတာကို တွေ့ရှိရပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အခွင့်ကောင်းယူပြီး အစွန်းရောက် စိတ်ဓာတ်သွတ်သွင်းခြင်းခံထားရတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်မှု၊ လူမဆန်မှုတွေက ပြည်သူလူထုအကြားမှာ မသတီစရာ ရွံရှာ စက်ဆုတ်ဖွယ်ရာ ဖြစ်လာခဲ့တာ ၂ နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိမြန်မာနိုင်ငံရဲ့တည်ဆဲအစိုးရကို နိုင်ငံရေးအရ တစ်ဖက်သက်ဖိအားပေးချင်တာနဲ့ပဲ PDF အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေအကြားကို ကျယ်ကျယ်ပြန့်ပြန့်မရောက်ရှိအောင် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက လူအား၊ ငွေအား၊ မီဒီယာအင်အားနဲ့ ဝိုင်းဝန်း ဖုံးဖိထားခဲ့ကြပါတယ်။

ဒီအချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံကို အနောက်အုပ်စုက ငွေအား၊ လူအား၊ နည်းပညာအားနဲ့ မီဒီယာအင်အားသုံးပြီး မှိုင်းတိုက်နေတယ်၊ သတင်းတွေ ထိမ်ချန်ဖော်ပြနေတယ်ဆိုတဲ့အချက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ သတိပြုမိစေချင်ပါတယ်။ဒီလို အကြမ်းဖက်မှုလမ်းစဉ်ကို တရားဝင်ကိုင်စွဲထားပြီး ရက်စက်မှုအပေါင်း သရဖူဆောင်းနေတဲ့ ပရမ်းပတာ NUG နဲ့ PDF လို အကြမ်းဖက်အဖွဲ့တွေကို ထိတွေ့ဆက်ဆံပြီး အသိအမှတ်ပြုဖို့ ထောက်ခံပံ့ပိုး ပေးနေတဲ့လူပုဂ္ဂိုလ်တွေ၊ ကြားနေပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိကြမလဲဆိုတာကို သိချင်မိပါတယ်။

ဒီလိုဆိုးရွားရက်စက်တဲ့ ဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပြည်သူတွေကတော့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ “လူသတ်အကြမ်းဖက် PDF အလိုမရှိ၊ CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့များ ဆန့်ကျင်ကြ”ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။ အလားတူပဲ တမူးမြို့၊ ဈေးတန်း (၄) ရပ်ကွက်မှာလည်း  “အကြမ်းဖက်သတ်ဖြတ်ခြင်းခံရသော မအေးမာထွန်း ကောင်းရာဘုံဘဝရောက်ပါစေ၊ PDF အကြမ်းဖက်သမားများ ကျဆုံးရေး ဒို့အရေး၊ အကြမ်းဖက်လုပ်ရပ်မှန်သမျှဆန့်ကျင့်ကြ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်စွဲပြီး ပြည်သူတွေဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာတွေမှာလည်း နိုင်ငံရေးအရောင်အသွေး ဝါ၊ စိမ်း၊ နီ၊ ပြာ မရွေး အားလုံးတစ်သံတည်းထွက်ပြီး PDF တွေရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ကြတာကိုတွေ့နေရပါတယ်။ သို့သော်လည်း ဒီလိုဖြစ်စဉ်တွေကို အနောက်အုပ်စုက ခေါင်းစဉ်မျိုးစုံနဲ့ ထောက်ပံ့ထားတဲ့ဝါဒဖြန့် ပြည်ဖျက်မီဒီယာတွေမှာ လုံးဝဖော်ပြတာ မတွေ့ရပါဘူး။ BBC ကတော့ အကြမ်းဖက် NUG အဖွဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမယ်ဆိုတဲ့သတင်းကို တာဝန်ကျေဝတ်နည်းလွတ်ရေးတင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ကြေညာချက်အမျိုးမျိုးထုတ်ပြန်နေတဲ့ အမေရိကန်သံရုံးက ဒီတစ်ခါလည်း မျက်စိကန်းပြီး နားပင်းနေတာကို တွေ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေကို ဥပဒေနဲ့အညီ အရေးယူမှုတွေဆောင်ရွက်ရင် လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ယှဉ်ပြီး ထုတ်ပြန်ချက် အမျိုးမျိုးထုတ်နေတဲ့သံရုံးတွေက ဒီလို NUG/PDF တွေရဲ့ ငြင်းမရတဲ့ အကြမ်းဖက်မှုတွေ ဗူးပေါ်သလိုပေါ်လာတော့ ဘာသံမှမထွက်နိုင်ဘဲ ရေငုံနှုတ်ပိတ်ပြီး နေကြတာကို အံ့ဩဘနန်းဖြစ်ရပါတယ်။ မြန်မာနိုင်ငံအပေါ် သဘောထားမမှန်သူတွေရဲ့ ထုံးစံအတိုင်း ဘယ်လိုပဲမျက်စိပိတ် နားပိတ်ပြီး နေနိုင်ကြသည်ဖြစ်စေ ဒီလို အကြမ်းဖက်မှုတွေကို မြင်တွေ့နေရတဲ့ မည်သူမဆို အကြောင်းမဲ့ အနိုင်ကျင့် သတ်ဖြတ်ခံရသူတွေအတွက် လွန်စွာစိတ်ထိခိုက်နေကြရပါတယ်။

ဒါ့ကြောင့်လည်း အကြမ်းဖက်မှုတွေကို မလိုလားဘဲ အမှန်တရားကို မြတ်နိုးတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို Facebook ၊ Twitter ၊ Telegram ၊ VK စတဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတာကိုလည်း တွေ့ရှိနေရပါတယ်။

အကြမ်းဖက်ဝါဒ (သို့မဟုတ်) အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေရဲ့ ပြဋ္ဌာန်းချက်တွေ၊ သတ်မှတ်ချက်တစ်ချို့ကို ထုတ်နှုတ်တင်ပြလိုပါတယ်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေ ညီလာခံဆုံးဖြတ်ချက် (၄၉/၆၀) မှာ အကြမ်းဖက်ဝါဒ/လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာက  “Criminal acts intended or calculated to provoke a state of terror in the general public, a group of persons or particular persons for political purposes are in any circumstance unjustifiable, whatever the considerations of a political, philosophical, ideological, racial, ethnic, religious or any other nature that may be invoked to justify them” လို့ဆိုပါတယ်။ ဒါကြောင့် အကြမ်းဖက်လုပ်ရပ်တွေဆိုတာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မဆို နိုင်ငံရေးရည်မှန်းချက်အတွက် လူထုကြားမှာ အထိတ်တလန့်ဖြစ်စေဖို့ ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

နောက်ထပ်ထင်ရှားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကတော့ ကမ္ဘာပေါ်က အကြမ်းဖက်လုပ်ရပ်တွေကို မှတ်တမ်းတင်နေတဲ့ University of Maryland က Global Terrorism Database (GTD) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။ GTD ကတော့ အကြမ်းဖက်ဝါဒ ဆိုတာ နိုင်ငံတော်မဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက နိုင်ငံရေးရည်မှန်းချက်အတွက် ပြည်သူလူထုကို သွေးထွက်သံယိုမှုဖြစ်စေခြင်း၊ အကြောက်တရားသွင်းတဲ့ လုပ်ရပ်တွေဖြစ်တယ် (acts of violence by non-state actors, perpetrated against civilian populations, intended to cause fear, in order to achieve a political objective) လို့ဆိုပါတယ်။

ဒါ့ကြောင့် ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ခြုံငုံလေ့လာကြည့်မယ်ဆိုရင် နိုင်ငံရေးရလိုမှုကို နိုင်ငံရေးအရအဖြေမရှာဘဲ လက်နက်ကိုင်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားသွင်းဖို့ ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက်သတ်ဖြတ်နေတာတွေက ကမ္ဘာ့လူ့အဖွဲ့အစည်းတွေ အားလုံးလက်ခံထားတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ယခုမြန်မာနိုင်ငံမှာ PDF အကြမ်းဖက်တွေ ဆောင်ရွက်နေကြတာက အပြစ်မဲ့အရပ်သားစစ်စစ်တွေကို လုပ်ကြံ သတ်ဖြတ်ခြင်း (Targeted Assassinations of Civilians or Non-combatants)၊  ဥပဒေပြင်ပ လူသတ်တရားစီရင်ခြင်း (Extrajudicial Killing) တွေသာဖြစ်တယ်ဆိုတာ သာမာန်မျက်စိနဲ့ ကြည့်ရင်ကို မြင်နိုင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတာတွေထက် အဆပေါင်းများစွာဆိုးရွားတဲ့ အကြမ်းဖက်ဝါဒ (Terrorism) သာဖြစ်ပါတယ်။

နောက်ထပ်သတိပြုစရာတစ်ခုက ရန်၊ ငါ၊ စည်းပြတ်လာကြတဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ အကျိုးစီးပွာအုပ်စုတစ်ချို့ဟာ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ်ဒေသဆီကို နိုင်ငံရေးကွာဟမှု၊ လူမျိုးရေးကွာဟမှု၊ ဘာသာတရားကွာဟမှုတွေကို အခြေခံပြီး အစွန်းရောက် ဝါဒ (Extremism) သွတ်သွင်းနေကြတယ်ဆိုတာကို သတိပြုဆင်ခြင်စရာဖြစ်ပါတယ်။ ထိုအုပ်စုတွေအတွက် မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအရ အချက်အခြာကျတဲ့နေရာအပါအဝင် အရှေ့တောင်အာရှနဲ့ အာရှ-ပစိဖိတ်ဒေသမှာ မတည်မငြိမ်ဖြစ်နေစေဖို့၊ ၎င်းတို့ ကြိုးဆွဲရာကို လိုက်ပါလာစေဖို့ ဆန္ဒရှိနေကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ သူတို့ ကြိုးဆွဲရာကို လိုက်ပါခြင်းမရှိဘဲ အခြေခံဥပဒေအရ ခေတ္တအာဏာထိန်းထားရတဲ့ နစကအစိုးရကို ဘက်ပေါင်းစုံက ဖိအားပေးနေကြတာဖြစ်ပါတယ်။ ဒီလိုဖိအားပေးလိုတာနဲ့ပဲ NUG/PDF တွေရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်ပြီး ဖုံးဖိနေကြတာကတော့ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်လှပါတယ်။

မည်သို့ပင်ဆိုစေကာမူ တမူးက အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အမျိုးသမီးငယ်လေး အကြမ်းဖက်ခံရတဲ့ဖြစ်စဉ်ဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာသာမကဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် တပ်လှန့်သံဖြစ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက်ကို အကြမ်း ဖက်နည်းလမ်းနဲ့ရယူဖို့ဆောင်ရွက်နေတဲ့ အမှားသရုပ်ပြကို ဝိုင်းဝန်းတားဆီးကြဖို့ပျက်ကွက်ကြရင် ဒေသတွင်းမှာ အလားတူပြဿနာတွေရင်ဆိုင်လာရနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဒါ့ကြောင့် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုအနေနဲ့ အနောက်အုပ်စု လွှမ်းမိုးထားတဲ့ နိုင်ငံတကာမီဒီယာအမည်ခံတွေမှာ မဖော်ပြတဲ့ NUG/PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မူဝါဒ၊ လူမဆန်မှုဖြစ်ရပ်မှန်တွေကို ဖော်ထုတ်သုံးသပ်ပြီး NUG အဖွဲ့ရဲ့ အကြမ်းဖက်လမ်းစဉ်ကို ဝိုင်းဝန်းကာကွယ်တားဆီးကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

 

မင်းခန့်

Add new comment