၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ၊ ဘားလားကျေးရွာအဝင်လမ်း၊ သစ်ခွခြံအနီး၌ ဘင်္ဂါလီလူမျိုးများ ရောက်ရှိ နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ မိုဟာမက်ဖိုက်စိန်(၁၄)နှစ်အပါ အဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ထိန်းသိမ်းထားရှိသူ ဘင်္ဂါလီလူမျိုးများ၏ထွက်ဆိုချက်အရ-
- ၎င်းတို့သည် နိုဝင်ဘာလ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ လူအင်အား ၃၆ ဦးပါအဖွဲ့ဖြင့် စက်လှေစီးကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ ခိုးဝင်ခဲ့ ကြောင်း။
- ၎င်းကျေးရွာတွင် အခြားဘင်္ဂါလီလူမျိုး ၃၆ ဦးနှင့်အတူ ၆ ရက်ခန့် နေထိုင်ခဲ့ပြီး ၎င်းတို့ ၇၂ ဦးသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစား ၄ ဦးနှင့်အတူ စက်လှေတစ်စီး ဖြင့် စီးနင်းထွက်ခွာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ဝသို့ရောက်ရှိခဲ့ပြီး ကျေးရွာတစ်ရွာသို့ ရောက်ရှိခဲ့ကြောင်း။
- စက်လှေပေါ်မှဆင်းပြီး တောလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ကာ ကားလမ်းမပေါ်အရောက်၌ အသင့်စောင့်နေသည့် ဆီဘောက်ဆာကားတစ်စီးပေါ်သို့ တက်ရောက်ခဲ့ကြောင်း။
- လမ်းခရီးတစ်နေရာအရောက်၌ အခြားယာဉ် ၂ စီးဖြင့် ပြောင်းရွှေ့စီးနင်း ဆက်လက်ထွက်ခွာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာသို့ရောက်ရှိပြီး အဆိုပါကျေးရွာရှိ ခြံတစ်ခု အတွင်း၌ ၁၅ ရက်ခန့် နေထိုင်ခဲ့ကြောင်း။
- ထိုသို့နေထိုင်စဉ် ၎င်းတို့အနက်မှ ၆၀ ဦးအား ပွဲစားများမှ အသီးသီး လာရောက်ခေါ်ဆောင်သွားခဲ့သဖြင့် ၎င်းတို့ ၁၂ ဦးသာ ကျန်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါထိန်းသိမ်းထားရှိသူ ဘင်္ဂါလီလူမျိုးများအား အသေးစိတ်စစ်ဆေးချက်အရ ၎င်းတို့ကို သယ်ယူပို့ဆောင်ထိန်းသိမ်းထားရှိရာတွင် ကိုယ်တိုင်ပါဝင်ကြီးကြပ်ဆောင်ရွက်သူဖြစ်သည့် သန့်ဇင်ဦး(ခ)သူရိန်၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ပေးခဲ့သူ ၇ ဦး၊ ဘင်္ဂါလီများအား လက်ခံထိန်းသိမ်းထားရှိပေးသူများဖြစ်ကြသည့် ဇော်ဝင်း(ခ)အလီဘိုင်ပါ ၄ ဦး စုစုပေါင်း (၁၂)ဦး၊ ဇော်ဝင်း(ခ)အလီဘိုင်၏ နေအိမ်တွင် ထိန်းသိမ်းထားရှိသည့် ဘင်္ဂါလီလူမျိုး မိုဟာမက်ဂျာဘဲအပါအဝင် အမျိုးသား ၁၉ ဦးနှင့်အတူ ဘင်္ဂါလီလူမျိုးများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့သည့် ဆီဘောက်ဆာ ဖြူ/ပြာရောင် ယာဉ်ပါ မော်တော်ယာဉ် ၆ စီးတို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၆ ရက်တို့တွင်အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-
- တရားခံများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုးများအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ သွားရောက်ခေါ်ဆောင်ကာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခေတ္တထိန်းသိမ်းပေးရန် ဘင်္ဂါလီတစ်ဦးလျှင် ၇ သိန်းကျပ်နှုန်းဖြင့် လက်ခံဆောင်ရွက်ခဲ့ကြောင်း။
- ၎င်းတို့အဖွဲ့ လက်ခံထိန်းသိမ်းထားသည့် ဘင်္ဂါလီလူမျိုးများအား အလီလီသယ်ဆောင်သည့်သူများက လာရောက်ခေါ်ဆောင်ကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ ကြကြောင်း။
- ထိုသို့သယ်ယူထိန်းသိမ်းပေးခြင်းအား အခကြေးငွေယူ၍ ဆောင်ရွက်ခဲ့သည်မှာ ၅ ကြိမ်ခန့်ရှိပြီဖြစ်ပြီး ဘင်္ဂါလီလူမျိုး ၂၅၅ ဦးတို့အား တရားမဝင် သယ်ဆောင်ထိန်းသိမ်းပေးခဲ့ကြောင်း။
ဖြစ်စဉ်များတွင် ဘင်္ဂါလီလူမျိုး ၂၅၅ ဦးအား တရားမဝင်သယ်ဆောင်ထိန်းသိမ်းထားမှုတွင် ပူးပေါင်းပါဝင်ပတ်သက်ခဲ့သည့် တရားခံအမျိုးသား ၁၂ ဦးတို့အား ဘင်္ဂါလီလူမျိုးများ တရားမဝင်သယ်ယူပို့ ဆောင်ရာတွင် အသုံးပြုခဲ့သည့် ဆီဘောက်ဆာယာဉ်တစ်စီး၊ Toyota Vanguard မော်တော်ယာဉ်တစ်စီး၊ Toyota Crown မော်တော်ယာဉ်တစ်စီး၊ Hyundai Starex မော်တော်ယာဉ်တစ်စီး၊ Toyota Probox မော်တော်ယာဉ် ၂ စီး၊ စုစုပေါင်းမော်တော်ယာဉ်မျိုးစုံ ၆ စီးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများနှင့် တရားမဝင် သယ်ဆောင်ထိန်းသိမ်းထားရှိသူ ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရန်ကျန် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၂)
- မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ၊ ဘားလားကျေးရွာအဝင်လမ်း၊ သစ်ခွခြံအနီး၌ ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့။
- ဘင်္ဂါလီလူမျိုး ၂၅၅ ဦးအား တရားမဝင်သယ်ဆောင်ထိန်းသိမ်းထားမှုတွင် ပူးပေါင်းပါဝင်ပတ်သက်ခဲ့သည့် တရားခံအမျိုးသား ၁၂ ဦးတို့အား ဘင်္ဂါလီလူမျိုးများ တရားမဝင်သယ်ယူပို့ဆောင်ရာ တွင် အသုံးပြုခဲ့သည့် ဆီဘောက်ဆာယာဉ် ၁ စီး၊ မော်တော်ယာဉ် ၅ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့။
Add new comment