ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)ကျင်းပ

      ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)ကို ဒီဇင်ဘာလ ၁၈ ရက်တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက-

  • အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအဆင့် လုပ်ငန်းကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို အားလုံးပူးပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ အိမ်ထောင်စု ၁၆,၇၇၃ စု၊ လူဦးရေ ၇၂,၇၇၁ ဦး တို့ကို မူလနေရာများသို့ ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDP နှင့် တိုက်ပွဲရှောင်စခန်း ၁၇၀ ကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း။
  • ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချထားသည့်ဒေသများတွင် အမှီအခိုကင်း၍ အဆင်ပြေစွာ ရပ်တည်နေထိုင်နိုင်စေရန် စီမံဆောင်ရွက်ပေးခြင်းနှင့် လူမှု စီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသတွင်း ဖွံ့ဖြိုးရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရန်အတွက်လည်း များစွာအထောက် အကူပြုမည်ဖြစ်သဖြင့် လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီ ထိရောက်ပီပြင်စွာ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့။

အမျိုးသားအဆင့် ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ် ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများထောက်ပံ့ပေးနေမှုအခြေအနေ၊ IDP Camp များနှင့် တိုက်ပွဲရှောင်စခန်းများတွင် အချက်အလက်ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှုအခြေအနေ၊ ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် မူလနေရပ်သို့ ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလော လိုအပ်သည်များကို ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၂)

 

  • အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို အားလုံးပူးပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ အိမ်ထောင်စု ၁၆,၇၇၃ စု၊ လူဦးရေ ၇၂,၇၇၁ ဦးတို့ကို မူလ နေရာများသို့ ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDP နှင့် တိုက်ပွဲရှောင်စခန်း ၁၇၀ ကို ပိတ်သိမ်းနိုင်ခဲ့။

Add new comment