တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့သားများ၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ကျောပိုးအိတ်ဖျော်ဖြေရေးအဖွဲ့ငယ်များ ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများသို့ မိသားစုများ၏ကိုယ်စား ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့်ကျသွားရောက် ဂုဏ်ပြုသီဆိုလျက်ရှိရာ-
- ဒီဇင်ဘာလ ၁ ရက်နှင့် ၂ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ ရှေ့တန်းစခန်းများသို့လည်းကောင်း၊
- ဒီဇင်ဘာလ ၂ ရက်နှင့် ၃ ရက်တွင် မြဝတီ၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီးတို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့လည်းကောင်း၊
- ဒီဇင်ဘာလ ၇ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့လည်းကောင်း၊
- ဒီဇင်ဘာလ ၁၅ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့တို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့လည်းကောင်း၊
- ဒီဇင်ဘာလ ၁၆ ရက်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေရှိ ကသာမြို့၊ ဝန်းသိုမြို့နှင့် အင်းတော်မြို့တို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ် မြေ၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့လည်းကောင်း သွားရောက်ဖျော်ဖြေခဲ့ပါသည်။
ရှေ့တန်းစခန်းများရှိ တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များက လုံခြုံရေးအရ အလှည့်ကျစနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ကြပြီး ရှေ့တန်းအရောက် လာရောက်ဖျော်ဖြေပေးကြသူများကို ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၂)
- ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် (MRTV)မှ ဖျော်ဖြေရေးအဖွဲ့သားများနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက သွားရောက်ဖျော်ဖြေဂုဏ်ပြုပေးခဲ့။
Add new comment