မွန်ပြည်နယ်တရားလွှတ်တော်အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ တရားလွှတ်တော်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဖြင့် ပက်ဖျန်းပေးခဲ့ပြီး တရားလွှတ်တော်အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ပြည်ထောင်စုတရားသူကြီး ချုပ်က တရားလွှတ်တော်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဆောက်အဦပုံစံငယ် ကျောက်စီပန်းချီကားကို ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော်အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မလျော်ညီသည့်ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း။
- ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် နိုင်ငံတော်၏ အာဏာကြီး(၃)ရပ်တွင် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ် ကြောင်း။
- တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍဟူသည် အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝလုံခြုံရေးအတွက်လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ဆန္ဒနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
- မိမိတို့အားလုံး မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီခိုင်မာရေးဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းစသည့် အခြေခံလိုအပ်ချက်များကို ဖြစ်ပေါ်စေရေးအတွက် တရားရေးကဏ္ဍသည် အလွန်အရေးကြီးကြောင်း။
- တရားစီရင်ရေးသည် အမှားအယွင်းမခံသည့်ကိစ္စဖြစ်ပြီး အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်လိုပြီး အပြစ်မရှိသူတစ်ယောက်ကို အပြစ်ပေးမိ ခြင်းမျိုး မဖြစ်ရန်လိုအပ်ကြောင်း။
- ယခုအချိန်အခါ၌ ကမ္ဘာ့နိုင်ငံအများအပြားတွင်ရှိသည့် တရားရုံးများတွင် နည်းပညာကို အသုံးပြုပြီး တရားစီရင်ရေးဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ အင်တာနက် နှင့် ဆက်စပ်ပစ္စည်းများကိုလည်း တရားစီရင်ရာတွင် အသုံးပြုလာကြသကဲ့သို့ ဉာဏ်ရည်တု (AI) နည်းပညာကိုပါ အသုံးပြုလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
- မိမိတို့နိုင်ငံတွင်လည်း တရားရုံးများ၌ ICT နည်းပညာများ တဖြည်းဖြည်းနှင့် စတင်အသုံးပြုလာပြီဖြစ်ကြောင်း။
- နိုင်ငံတော်အနေဖြင့် တရားစီရင်ရေးကဏ္ဍတွင် တိုးတက်ပြောင်းလဲမှုများဖြစ်စေရန် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်နေခြင်းဖြစ်ပြီး လိုအပ်သည့် တရားရုံးအဆောက်အဦအသစ်များ ဆောက်နိုင်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်လေဆိပ်သို့ရောက်ရှိကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မော်လမြိုင်လေဆိပ်အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများနှင့် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တည်ဆောက်မည့်အခြေအနေများ၊ မော်လမြိုင်-ရေး ရထားလမ်းပိုင်း အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သည့် ပြည်တွင်းလေ ကြောင်းလိုင်းများမှ လေယာဉ်အမျိုးအစားအားလုံး ဆင်းသက်နိုင်သည့် အဆင့်မီလေယာဉ်ကွင်းတစ်ခုတည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မော်လမြိုင်-ရေး ရထားလမ်းပိုင်းကို ခရီးသွားပြည်သူများ သွားလာနိုင်ရေးအတွက် လူစီးရထားတွဲများ ပြန်လည်ပြေးဆွဲပေးရန်နှင့် ကုန်စည်များ ပို့ဆောင်ရန်လိုအပ်ပါကလည်း ကုန်တင်ရထားတွဲများပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ အသစ်ထပ်မံဖောက်လုပ်မည့် မော်လမြိုင်-ထားဝယ်ရ ထားလမ်းပိုင်းတည်ဆောက်ရာတွင်လည်း လမ်းကြောင်းပြေပြစ်မှုရှိစေရေးနှင့် တတ်နိုင်သမျှ တစ်ဖြောင့်တည်းဖြစ်စေရေး စနစ်တကျ ကွင်း ဆင်းတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မလျော်ညီသည့်ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိ။
- တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍဟူသည် အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝလုံခြုံရေးအတွက်လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်။
- တရားစီရင်ရေးသည် အမှားအယွင်းမခံသည့်ကိစ္စဖြစ်ပြီး အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်လိုပြီး အပြစ်မရှိသူတစ်ယောက်ကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန်လို။
- မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်အမျိုးအစားအားလုံး ဆင်းသက်နိုင်သည့် အဆင့်မီ လေယာဉ်ကွင်း တစ်ခုတည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိ။
Add new comment