အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်ရည်ရွယ်၍ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် PDF အကြမ်းဖက်အဖွဲ့များ၏ လက်နက်နှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဆော်တောကျေးရွာအနီး၌ အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၇ ရက်တွင် ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဒိုင်နာအမျိုးအစား ၆ ဘီးယာဉ် ၁ စီးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စေခဲ့သော်လည်း ရပ်တန့်မှုမရှိဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါရပ်တန့်သွားသည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်အတွက် PDF အကြမ်းဖက်သမားများ လျှို့ဝှက်သယ်ဆောင်လာသော Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။

NUG နှင့် CRPH တို့၏ စေခိုင်းမှုဖြင့် PDF အကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်းသံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ရန်အတွက် လိုအပ်သည့် လက်နက်၊ ခဲယမ်းများကို တရားမဝင်နည်းလမ်းများဖြင့် သယ်ဆောင်လာပြီး ဖြန့်ဝေ လျက်ရှိသော်လည်း အကြမ်းဖက်ကိုမလိုလားသော ပြည်သူများ၏ သတင်းပေးပို့ချက်အရ အချိန်မီဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပါသည်။

အဆိုပါသိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁၂-၂၀၂၂)

 

  • အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်ရည်ရွယ်၍ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် PDF အကြမ်းဖက်အဖွဲ့များ၏ လက်နက်နှင့် အခြားဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်း ကျေးရွာအုပ်စု၊ ဆော်တောကျေးရွာအနီး၌ သိမ်းဆည်းရမိခဲ့။

Add new comment