KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကသာမြို့နယ်အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး

        ဒီဇင်ဘာလ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း)များအနီးသို့အရောက်၌ KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကျေးရွာ အတွင်း လူနေအိမ်များကို အကာကွယ်ရယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါအကြမ်းဖက်အဖွဲ့များ ဆုတ်ခွာသွားစဉ် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နောင်ပင်ကျေးရွာတွင် လူနေအိမ် ၁၁ လုံးခန့်၊ မိုးဒါးကြီးကျေးရွာတွင် လူနေအိမ် ၄၃ လုံးခန့်၊ ဟဲနားကျေးရွာ(ရွာဟောင်း)တွင် လူနေအိမ် ၁၀ လုံးခန့်၊ စုစုပေါင်း လူနေအိမ် ၆၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ ကျေးရွာ ၂၆ ရွာမှ အိမ်ခြေ ၇၁၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

NUGCRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည်  KIA အဖွဲ့နှင့် ပူးပေါင်းပြီး အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများ အတွင်းဝင် ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ ယုတ်မာရက်စက်မှုများကို ရွံရှာစက်ဆုပ်လျက်ရှိပါသည်။

မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့်နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၂-၂၀၂၂)

 

  • KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကသာမြို့နယ်ရှိ နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း)အတွင်းရှိ စုစုပေါင်း လူနေအိမ် ၆၄ လုံးအား မီးရှို့ဖျက်ဆီးခဲ့။
  • ၎င်းတို့၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ ကျေးရွာ ၂၆ ရွာမှ အိမ်ခြေ ၇၁၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်။

Add new comment