မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (COMMIT) ၏ (၅) ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး (5th COMMIT Inter-Ministerial Meeting-IMM5) ကို ဒီဇင်ဘာလ ၁၆ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အစည်းအဝေးခန်းမ (၁) ၌ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက ၂၀၂၀-၂၀၂၁ ကာလအတွင်း မဲခေါင်ဒေသခွဲတွင်းလုပ်ငန်းစီမံချက် (SPA IV) အကောင်အထည်ဖော်မှု၊ မဲခေါင်ဒေသခွဲတွင်းလုပ်ငန်းစီမံချက် (SPA IV) အကောင်အထည်ဖော်ခြင်း၏ သက်ရောက်မှုများ၊ ရရှိခဲ့သော သင်ခန်းစာများနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က-
- မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ကာလအတွင်း လူကုန်ကူးမှုဖြစ်ပွားနိုင်ခြေမှ ကာကွယ်တား ဆီးနိုင်မှု ၈၁ မှုနှင့် ကျူးလွန်ခံရနိုင်ခြေရှိသူ ကျား ၄၆၈ ဦး၊ မ ၃၇၂ ဦး၊ စုစုပေါင်း ၈၄၀ တို့ကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် လုပ်သားများပြန်လည်ထွက်ခွာရာတွင် တရားဝင်ဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိပြီး ဆိုက်ရောက်ရာနိုင်ငံများ၏ အစိုးရများနှင့် အလုပ်ရှင်များအနေဖြင့်လည်း လုပ်သားအခွင့်အရေးများ ပြည့်ဝစွာရရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထား ရန် တိုက်တွန်းလိုကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများတွင် လူကုန်ကူးခံနေကြရသည့် မြန်မာနိုင်ငံသားများကို ဆိုက်ရောက်နိုင်ငံများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ (နစ်နာကြေး/ လျော်ကြေးလုပ်ခလစာ/ ထောက်ပံ့ကြေး) ရရှိရေး ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် တတိယသုံးလပတ်ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ၂၅ ဦး စုစုပေါင်း ၃၁ ဦးတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း။
- မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များအပေါ် အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများ၊ နိုင်ငံဖြတ်ကျော် လွှဲပြောင်းညွှန်းပို့မှုယန္တရား (Transnational Referral Mechanism-TRM) ဖွံ့ဖြိုးမှုတိုးတက်မှု၊ မဲခေါင်ဒေသခွဲတွင်းလုပ်ငန်းစီမံချက် (SPA V) ရေးဆွဲ ဖော်ထုတ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ COMMIT အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ COMMIT အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၂-၂၀၂၂)
|
Add new comment