ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်) အောင်မြင်စွာ ကျင်းပပြီးစီး

        မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ - ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level)  ကို ဒီဇင်ဘာလ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ပထမဆုကို မြန်မာနိုင်ငံ၊ ဒုတိယဆုကို မလေးရှားနိုင်ငံ၊ တတိယဆုကို လာအိုနိုင်ငံတို့က ရရှိကြပါသည်။

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများကို ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊  နိုင်ငံအဆင့်ပြိုင်ပွဲများ အဆင့်ဆင့်ပြုလုပ်၍ နိုင်ငံအလိုက် ပထမ၊ ဒုတိယ၊ တတိယ သုံးဦးစီရွေးချယ်ကာ အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ-ဒေသတွင်းအဆင့်တွင် ပါဝင်ယှဉ်ပြိုင်စေ ခြင်းဖြစ်ပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက အဖွင့်အမှာစကားပြောကြားရာတွင်-

  • ASEAN Quiz ပြိုင်ပွဲသည် အာဆီယံ၏အသိအမြင်မြှင့်တင်ရေးကို ထင်ဟပ်စေသည့်အပြင် အာဆီယံလူငယ်များ၏ ချစ်ကြည်ရင်းနှီးမှုတိုးပွားလာစေရန်နှင့် အာဆီယံကို ပိုမိုလေးနက်သည့် နားလည်သဘောပေါက်မှုနှင့် တန်ဖိုးထားမှုများကို ရရှိစေမည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနေသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း။
  • ယခုကျင်းပသည့်ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ်များအနေဖြင့် အာဆီယံအကြောင်း ပိုမိုသိရှိနားလည်စေရန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့် တင်ပေးနိုင်ရန်ပင် ဖြစ်ကြောင်း။
  • ယခုကဲ့သို့ ASEAN Quiz ဒေသတွင်းအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံများအနေဖြင့် theme တစ်ခုကိုလည်း ရွေးချယ်ဆောင်ရွက်ကြရပြီး ယခုနှစ်တွင် မြန်မာနိုင်ငံက “ASEAN: A Community of Peace, Prosperity and Sustainability” (အာဆီယံသည် ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိသည့် အသိုက်အဝန်းတစ်ခုဖြစ်သည်) ဆိုသည့် Theme ကို ရွေးချယ်အတည်ပြုထားကြောင်း ပြောကြားပါသည်။

အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(ဒေသတွင်းအဆင့်)တွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံစီပွားရေးအသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းနှင့် အာဆီယံဒေသဆိုင်ရာအထွေထွေဗဟုသုတများကို Multiple Choice, Fill in the Blank, True or False, Mixed Question ပွဲစဉ်လေးခုဖြင့် အာဆီယံနိုင်ငံများမှ ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တတိယဆုရရှိသည့် လာအိုနိုင်ငံမှ ကြီးကြပ်သူနှင့် ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဒုတိယဆုရရှိသည့် မလေးရှားနိုင်ငံမှ ကြီးကြပ်သူနှင့် ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် မြန်မာနိုင်ငံမှ ကြီးကြပ်သူနှင့်ကျောင်းသားကျောင်းသူများအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။

မွန်းလွဲပိုင်းတွင် အာဆီယံနိုင်ငံများမှ ကိုယ်စားပြုတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် ကြီးကြပ်သူများသည် နေပြည်တော်ရှိ ကျောက်မျက်ပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြည့်ရှုကြပါသည်။ ညနေပိုင်းတွင် အာဆီယံ ဉာဏ်စမ်းပဟေဠိ(ဒေသတွင်းအဆင့်)ပြိုင်ပွဲအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို Park Royal ဟိုတယ်၌ ကျင်းပပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံနိုင်ငံများမှ ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်သူများအား ကျေးဇူး တင်စကားပြောကြားကာ ပြိုင်ပွဲဝင် ၁၈ ဦးအား  ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအတွက် အသိအမှတ်ပြုလက်မှတ်များ တစ်ဦးချင်းစီ ပေးအပ်ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားပြုယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ သင်တန်းနည်းပြများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စား ပြုယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများက online ဖြင့် တက်ရောက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၁၄-၁၂-၂၀၂၂)

 

  • မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ-ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level) တွင် ပထမဆုကို မြန်မာနိုင်ငံ၊ ဒုတိယဆုကို မလေးရှားနိုင်ငံ၊ တတိယဆုကို လာအို နိုင်ငံတို့က ရရှိကြ။
  • ယခုကျင်းပသည့်ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ်များအနေဖြင့် အာဆီယံအကြောင်း ပိုမိုသိရှိနားလည်စေရန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအသိပညာဗဟုသုတများ မြှင့်တင်ပေးနိုင်ရန်ပင်ဖြစ်။
  • အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(ဒေသတွင်းအဆင့်)တွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံစီပွားရေးအသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းနှင့် အာဆီယံဒေသဆိုင်ရာအထွေထွေဗဟုသုတများကို Multiple Choice, Fill in the Blank, True or False, Mixed Question ပွဲစဉ်လေးခုဖြင့် အာဆီယံနိုင်ငံများမှ ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြ။
  • အာဆီယံနိုင်ငံများမှ ကိုယ်စားပြုတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် ကြီးကြပ်သူများသည် နေပြည်တော်ရှိ ကျောက်မျက်ပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြည့်ရှုကြ။

Add new comment