နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၁၄ ရက်တွင် ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာ၊ နမ့်ကျို(မလိခ)မြစ် ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီးနောက် ပူတာအိုမြို့၊ ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကောင်းမှုလုံစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘုရားဖူးလာ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုဖွယ်ဖြစ်စေရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားကာ စေတီတော် မြတ်ကြီး ဘက်စုံပြုပြင်ထိန်းသိမ်းရန်အတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့၊ ရဝမ်အမျိုးသားဥယျာဉ်ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိကြပြီး ကျောက်လက်နက်ကိရိယာပြကွက်၊ ကျောက်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင် ပစ္စည်းများပြကွက်၊ သစ်သားထည်အိုးခွက်၊ ပန်းကန်၊ အသုံးအဆောင်များပြကွက်၊ သစ်သားနှင့် ကြိမ်နှီးရက် ဦးဆောင်းများပြကွက်၊ ရိုးရာတူရိယာပြကွက်၊ ဝါးနှီးရက်အသုံးအဆောင်ပစ္စည်းများပြကွက်၊ ကြိမ်နှီးဖြင့်ရက်လုပ်သော အသုံးအဆောင်ပစ္စည်းများပြကွက်၊ ဓါး၊ လှံ၊ ပုဆိန်၊ လေးမြှားလက်နက်များ ပြကွက်၊ ဝါးအသုံးအဆောင် ပစ္စည်းများပြကွက်၊ ရိုးရာခရီးဆောင်လွယ်အိတ်များပြကွက်၊ ဒေသထွက်တိုင်းရင်းဆေးများပြကွက်၊ ရိုးရာဂျက်ခုတ်အထည်ရက်ကိရိယာများပြကွက်၊ ရဝမ်ရိုးရာလက်ဝတ်ရတနာများပြကွက်၊ ရဝမ် လူမျိုးများ ဆင်းသက်လာရာပြမြေပုံ၊ နိုင်ငံတော်ခေါင်းဆောင်များနှင့် ပြည်နယ်ယဉ်ကျေးမှုခေါင်းဆောင်များ ပြကွက်တို့ကို ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်းရိုးရာ လက်မှုအသုံးအဆောင်များသည် အဖိုးမဖြတ်နိုင်သည့် သမိုင်းအထောက်အထားများဖြစ်သဖြင့် ရေရှည်တည်တံ့မှုရှိစေရေး စနစ်တကျထိန်း သိမ်းရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ပြသထားရှိရန်လည်းလိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပိုးမွှားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးယိုယွင်းမှုများ မဖြစ်စေရန်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၁၄-၁၂-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကောင်းမှုလုံစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် ထိန်းသိမ်း ရန်အတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့၊ ရဝမ်အမျိုးသားဥယျာဉ်ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိပြီး ပြကွက်တစ်ခုချင်းစီအလိုက် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုလေ့လာခဲ့။
Add new comment