ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) ရှိ Inani ကမ်းခြေတွင် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာရေတပ် စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့ မြန်မာ့ တပ်မတော်(ရေ)မှ ဗိုလ်ချုပ် နိုင်မင်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ် (ကျန်စစ်သား)နှင့်အတူ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး၊ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်း ရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာစစ်ရေယာဉ်များနှင့်အတူ ပုံပြုချီတက်မောင်းနှင်ခြင်း၊ နိုင်ငံတကာ ရေကြောင်းဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၊ နိုင်ငံအလိုက်ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင်ပါဝင်ဆင်နွှဲခြင်း၊ မြန်မာ့ရိုးရာအစားအစာတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်ခြင်း၊ ကမ္ဘာ့အင်အားကြီးရေတပ်များ၊ ဒေသတွင်းရေတပ်များ၏ စစ်ရေယာဉ်များနှင့်အတူ သရုပ်ပြပုံပြု မောင်းနှင်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ယခုသွားရောက်ခဲ့သောခရီးစဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ စွမ်းဆောင်နိုင်မှုအား ဖော်ထုတ်ပြသနိုင်ခဲ့ရုံသာမက နိုင်ငံတကာရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များအကြား တပ်မတော်(ရေ)အင်ဂျင်နီယာများ၏ စွမ်းအားနှင့် ကိုယ်တိုင်ဒီဇိုင်းရေး ဆွဲတည်ဆောက်ခဲ့သော ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား) ဖြင့် ရေမိုင် ၁,၄၅၆ မိုင်ကို သွားရောက်ခဲ့ပြီး သံတမန်ရေးရာကဏ္ဍဆောင်ရွက်မှုများကိုလည်း အောင်မြင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၂)
- အပြည်ပြည်ဆိုင်ရာရေတပ် စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး၊ မြန်မာ့တပ်မတော်(ရေ)မှ ဗိုလ်ချုပ် နိုင်မင်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ခဲ့။
- အဆိုပါခရီးစဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ စွမ်းဆောင်နိုင်မှုအား ဖော်ထုတ်ပြသနိုင်ခဲ့ရုံသာမက သံတမန်ရေးရာကဏ္ဍဆောင်ရွက်မှုများကိုလည်း အောင်မြင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့။
Add new comment