မြန်မာ့ပင်လယ်ပြင်အတွင်း ဘင်္ဂါလီလူမျိုးများလိုက်ပါလာသည့် စက်လှေနစ်မြုပ်နေစဉ် တပ်မတော်(ရေ)မှ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

     ဒီဇင်ဘာလ ၇ ရက်တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက် အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ်တို့သည် ဇောတိကစီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် မြိတ်မြို့၏ အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့အရောက်၌ ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်နေသည့် ဘင်္ဂါလီလူမျိုးများတင်ဆောင်လာသော စက်လှေ ၁ စီးအား ကယ်ဆယ်ထား၍ တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်များသို့ သတင်းပေးပို့လာခဲ့ပါသည်။

ထို့နောက် တပ်မတော်(ရေ)မှ ကော်ဗက်အမျိုးအစား စစ်ရေယာဉ်ဖြင့် ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့အား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်း တင်ဆောင်ခဲ့ပါသည်။ ၎င်းတို့သည် ပင်လယ်ပြင်အတွင်း အစာရေစာပြတ်လပ်ကာ ကျန်းမာရေးချို့တဲ့မှုများကြောင့် ပြန်လည်ခေါ်ဆောင်လာသည့် လမ်းခရီး၌ ဆေးဝါးများကုသမှုများ၊ သောက်သုံးရေနှင့် အစားအစာကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါဘင်္ဂါလီလူမျိုးများအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါဝင်သောအဖွဲ့စုံဖြင့် ရေယာဉ်ပေါ်၌ စစ်ဆေးရာတွင်-

  • ၎င်းတို့သည် ဘင်္ဂါလီစကားတစ်မျိုးတည်းသာ ပြောဆိုတတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းများမှ ဖြစ်ကြောင်း။
  • ဒုက္ခသည်စခန်းအတွင်း လူဦးရေများပြားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် စားနပ်ရိက္ခာ မလုံလောက်ခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်ရန်အတွက် လိုက်ပါလိုသူ မိသားစုများထံမှ တာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ ၁ စီး ဝယ်ယူ၍ နိုဝင်ဘာလ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာလာကြောင်း။
  • ၎င်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR မှ ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်များ ကိုင်ဆောင်ထားရှိကြောင်းနှင့် ဒီဇင်ဘာလ ၇ ရက်တွင် လှေအတွင်းသို့ ရေများ ဝင်ရောက်၍ နစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း။

၎င်းတို့အား စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ပြီးပါက စစ်တွေမြို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁၂-၂၀၂၂)

 

  • ဘင်္ဂါလီလူမျိုးစုစုပေါင်း ၁၅၄ ဦး တင်ဆောင်လာသည့် စက်လှေနစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်က တွေ့ရှိခဲ့ပြီး တပ်မတော်(ရေ)မှ ကော်ဗက်အမျိုးအစား စစ်ရေယာဉ်ဖြင့် လွှဲပြောင်း တင်ဆောင်၍ လိုအပ်သည့် ဆေးဝါးများကုသမှုများနှင့် အစားအစာကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့။

Add new comment