လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၈ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က-
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM တို့အကြား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” အား လက်မှတ်ရေးထိုးခဲ့ကြောင်း။
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပခဲ့သည့် ATOMEXPO-2022 ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုဆောင်ရွက်ရန် သဘောတူစာချုပ်ကို နိုဝင်ဘာလ ၂၁ ရက်တွင်လည်းကောင်း၊ နားလည်မှုစာချွန်လွှာ(MOU)ကို နိုဝင်ဘာလ ၂၂ ရက် တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း။
- ROSATOM ကုမ္ပဏီအနေဖြင့် ထပ်မံတိုးချဲ့၍ ရင်းနှီးမြှုပ်နှံနိုင်ရန်၊ ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန်၊ အသေးစားရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လေအားလျှပ်စစ်အကောင်အထည်ဖော်နိုင်ရေး စီမံကိန်း လုပ်ငန်းများတွင်လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးမှုများလည်းရှိခဲ့ပြီးဖြစ်ကြောင်း။
- မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ဆောင်ရွက်နိုင်ရန် အလားအလာရှိသော နေရာများနှင့် အသေးစားရေအားလျှပ်စစ် တည်ဆောက်အကောင်အထည်ဖော်ရန်နေရာများကိုလည်း မြေပြင်ကွင်းဆင်းလေ့လာမှုများ ဆက်လက် ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းများအလိုက် အကောင်အထည်ဖော်မည့်အဖွဲ့များနှင့် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ ပြန်ပြည့်မြဲစွမ်းအင် လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် မြန်မာနိုင်ငံ တွင်အသုံးပြုမည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် လီသီယံဘက်ထရီထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရေးစသည့် ကဏ္ဍများအလိုက် ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၂-၂၀၂၂)
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့။
- အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ROSATOM ကုမ္ပဏီအနေဖြင့် ထပ်မံတိုးချဲ့၍ ရင်းနှီးမြှုပ်နှံနိုင်ရန်၊ ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန်၊ အသေးစားရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လေအား လျှပ်စစ်အကောင်အထည်ဖော်နိုင်ရေးစီမံကိန်းလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးမှုများလည်းရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့။
Add new comment