နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်းပြောကြား

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် စတင်ကျင်းပသည့် (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲသို့ Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင်-   

  • တိုင်းရင်းဆေးပညာရှင်များ၏ စည်းလုံးညီညွတ်မှုဖြင့် ပြည်သူလူထုကျန်းမာရေးကို အထောက်အကူပြုနိုင်ရန်အတွက် အားထုတ်ကြိုးပမ်းကြသည့် မြင်ကွင်းကို တွေ့မြင်ရသည့်အတွက် အားရကျေနပ်မိကြောင်း၊ စည်းလုံးညီညွတ်မှုဆိုသည်မှာ မည်သည့် အဖွဲ့အစည်းအတွက်မဆို တောင့်တင်းခိုင်မာသည့် ခွန်အားတစ်ရပ်ဖြစ်ကြောင်း။
  • ယခုခေတ်ကာလတွင် အနောက်တိုင်းဆေးပညာဖွံ့ဖြိုးတိုးတက်လာသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသည့် ပြည်သူများသည် မိမိတို့၏ သဘာဝတိုင်းရင်းဆေးများဖြင့်ကုသသော တိုင်းရင်းဆေးကုထုံးများကို လက်မလွှတ်ဘဲ အားကိုးအားထားပြု သုံးစွဲကုသနေကြသည်ကို တွေ့မြင်ရကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ချက်ထားပြီး လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရေးကို ရှေ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
  • ယခုအခါကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ကပ်ရောဂါသည် ဗီဇမျိုးကွဲ အမျိုးမျိုးပြောင်းလဲပြီး ကူးစက်မှုနှုန်းမြန်ဆန်သည့်အပြင် အချိန်တိုအတွင်း ကင်းစင်ပပျောက်စေနိုင်မည့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်တည်ရှိနေနိုင်သေးသောကြောင့် နိုင်ငံတကာတွင် ၎င်းတို့၏တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါးများထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။
  • ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ နှင့်အလားတူ ရာသီတုပ်ကွေးရောဂါများတွင် အသုံးပြုနိုင်မည့် “ဝိသမ” အဖျားပျောက်ဆေးကို အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်း၊ လူနာများအန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် လတ်တလော အဆိပ်အာနိသင်နှင့် ရေတိုအဆိပ်အာနိသင်ရှိ/မရှိတို့ကို သိရှိနိုင်ရန် စမ်းသပ်ခြင်း၊ ဆေး၏ခံနိုင်ရည်အားကို မိမိဆန္ဒအလျောက် သုတေသနစမ်းသပ်မှုတွင်ပါဝင်လိုသည့် ကျန်းမာသောလူများအပေါ်တွင် စမ်းသပ်ခြင်း၊ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါအတည်ပြု သာမန်လက္ခဏာရှိသည့် လူနာများပေါ်တွင် စမ်းသပ်ခြင်းစသည့် သုတေသနအဆင့်ဆင့်တို့ကိုပြုလုပ်ပြီး ဆေးဝါးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာ့တိုင်းရင်းဆေးပညာနှင့်ဆေးဝါးများ နှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် အစွမ်းထက်မြက်သော မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ၊ ကုသနည်းကုထုံးများပေါ်ထွက်လာစေရေးတို့အတွက် ဆေးပစ္စည်းများ၏ စံချိန်စံညွှန်းများရေးဆွဲ ခြင်း၊ တိုင်းရင်းဆေးဝါးများအား သိပ္ပံနည်းကျသုတေသနပြုခြင်းများ ဆောင်ရွက်ရာတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သိမ်မွေ့နက်နဲသည့် မြန်မာ့တိုင်းရင်းဆေးပညာ ရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် ဆေးကျမ်းများနှင့် အာနိသင်ထက်မြက်သည့်ဆေးဝါးများ၏ အနှစ်သာရအဆီအနှစ်များကိုစုစည်းပြီး အမျိုးသားအမွေအနှစ်ဆေးပညာရပ်တစ်ရပ်အဖြစ် ဖြစ်ထွန်းရပ်တည်နေစေရေး စုပေါင်းစွမ်းအားနှင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ထပ်လောင်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၂-၂၀၂၂)

 

  • စည်းလုံးညီညွတ်မှုဆိုသည်မှာ မည်သည့်အဖွဲ့အစည်းအတွက်မဆို တောင့်တင်းခိုင်မာသည့် ခွန်အားတစ်ရပ်ဖြစ်။
  • ယခုအခါကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဗီဇမျိုးကွဲ အမျိုးမျိုးပြောင်းလဲပြီး ကူးစက်မှုနှုန်း မြန်ဆန်သည့်အပြင် အချိန်တိုအတွင်း ကင်းစင်ပပျောက်စေနိုင်မည့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်တည်ရှိနေနိုင်သေးသော ကြောင့် နိုင်ငံတကာတွင် ၎င်းတို့၏တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါးများထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ။
  • ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉နှင့်အလားတူ ရာသီတုပ်ကွေးရောဂါများတွင် အသုံးပြုနိုင်မည့်ဝိသမအဖျားပျောက်ဆေးကို သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး ဆေးဝါး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ။
  • သိမ်မွေ့နက်နဲသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် ဆေးကျမ်းများနှင့် အာနိသင်ထက်မြက်သည့်ဆေးဝါးများ၏ အနှစ်သာရအဆီအနှစ်များကိုစုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ဖြစ်ထွန်းရပ်တည်နေစေရေး စုပေါင်းစွမ်းအားနှင့် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် ထပ်လောင်းမှာကြားလို။

Add new comment