တတိယအကြိမ် မြန်မာ-ရုရှားအစိုးရအချင်းချင်းကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးကျင်းပ

      မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်၍ တတိယအကြိမ်မြန်မာ-ရုရှားအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်တွင် ပူးတွဲကော်မရှင်ဥက္ကဋ္ဌများဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maxim RESHETNIKOV တို့ ဦးဆောင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင်-

  • မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအားကောင်းခိုင်မာခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းအစရှိသည့် ကဏ္ဍများတွင် နှစ်ဖက်သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
  • စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး စာချုပ်စာတမ်း(၇)ခုတို့ကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့။
  • မြန်မာ-ရုရှားစီးပွားရေးဖိုရမ်မျက်နှာစုံညီအစည်းအဝေးကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များဖြင့် ကျင်းပခဲ့။
  • အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်သည် မြန်မာ-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (MoU) များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စီးပွားရေးမိတ်ဖက်ကောင်းများအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မြှင့်တင်ခဲ့ကြောင်း၊ ယခုရုရှားကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရရှိနိုင်မည့် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကို ကောင်းစွာ နားလည်ရှုမြင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့။
  • တတိယအကြိမ် မြန်မာ-ရုရှားကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်များသည် ဒုတိယအစီအစဉ်အဖြစ် စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်နှင့် ဓာတ်သတ္တုလုပ်ငန်းကဏ္ဍ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဒစ်ဂျစ် တယ်နည်းပညာကဏ္ဍ၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍခြောက်ခုနှင့်စပ်လျဉ်း၍ တစ်ပြိုင်နက်တည်း ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲများတွင်  တက်ရောက်ပါဝင်ဆွေးနွေးခဲ့။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတို့က ကြီးမှူး၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရုရှားကုမ္ပဏီ ၁၀၀ ကျော်နှင့် မြန်မာကုမ္ပဏီ ၂၀၀ ခန့်တို့တက်ရောက်ခဲ့ကြကာ သက်ဆိုင်ရာကဏ္ဍများအလိုက် စီးပွားရေးအခွင့်အလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စကားဝိုင်းဆွေးနွေးပွဲများ၏ရလဒ်များအရ ရုရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီတို့အကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး မြန်မာ့စီးပွားရေးအတွက် အကျိုး ကျေးဇူးများ ဖော်ဆောင်ဖြစ်ထွန်းလာစေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၂)

 

  • တတိယအကြိမ် မြန်မာ-ရုရှားအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းအစီအစဉ် ကို ဆက်လက်ပြုလုပ်ခဲ့ပြီး စာချုပ်စာတမ်း(၇)ခုတို့ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့။
  • စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး စာချုပ်စာတမ်း (၇) ခုတို့ကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့။
  • မြန်မာ-ရုရှား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင်အစည်းအဝေးသို့  တက်ရောက်လာကြသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ လုပ်ငန်း ရှင်များသည် စကားဝိုင်းဆွေးနွေးပွဲများတွင် တက်ရောက် ပါဝင်ဆွေးနွေးခဲ့။

Add new comment