ဒီဇင်ဘာလ ၅ ရက်တွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူး ဦးကျော်သီနှင့် ဝန်ထမ်းများသည် ရုံးလုပ်ငန်းတာဝန်များကို ထမ်း ဆောင်နေစဉ် ရုံးပြတင်းပေါက်အနီး၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်းအမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၃ ဦးတို့တွင် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး အမျိုးသား ၁ ဦးမှာ ရရှိသော ဒဏ်ရာများမှာ ပြင်းထန်သဖြင့် သေဆုံးသွားခဲ့ပါသည်။
PDF အကြမ်းဖက်သမားများသည် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ရုံးဌာနများ၊ ကျေးရွာများနှင့် လူနေအဆောက်အဦများအား လက်လုပ်မိုင်းများဖြင့် ဖောက် ခွဲတိုက်ခိုက်ခြင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များအသုံးပြု၍ ဗုံးကျဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအချို့နှင့် ကလေးငယ်များ သေဆုံး/ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိခဲ့ပါသည်။ ယခုလိုနိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ထိခိုက်စေရန်နှင့် နိုင်ငံပိုင်အဆောက်အဦအား ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၂)
- မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ PDF အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ရုံးအဆောက်အဦအနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၁ ဦးမှာ ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့။
Add new comment