Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

       ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေးဆောင်ရွက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ဘဏ်တစ်ခုအား ဓားပြတိုက်၊ လုယက်မှု ကျူးလွန်ရန်စီစဉ်လျက်ရှိသည့် Anti-Coup Pepole’s Liberation Force – ACPLF အကြမ်းဖက်အဖွဲ့မှ ဝေယံကောင်းထက် (ခ) Lu Aye အပါ တရားခံ ၄ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၁၃ တောင့် တို့နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ACPLF အကြမ်းဖက်အဖွဲ့ နှင့် Anonymous Fighter Force – AFF အကြမ်းဖက်အဖွဲ့တို့ ပူးပေါင်း၍ သာကေတမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန် စီစဉ်ထားရှိကြောင်း ဖော်ထုတ်သိရှိရပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက်တွင် AFF အကြမ်းဖက်အဖွဲ့ဝင် သက်ဇော်အောင် (ခ) အောင်လေးနှင့် တရားခံ ၄ ဦးအား လက်လုပ်မိုင်း ၂ လုံးဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြတိုက်လုယက်ခြင်းများ ဆောင်ရွက်ရန်စီစဉ်လျက်ရှိသည့် တရားခံ ကျား ၉ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ-

  • ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဝေယံကောင်းထက် (ခ) Lu Aye၊ ဖြိုးသွေးအောင် (ခ) နိုင်ဝင်းနှင့် သိန်းကျော်စွာ (ခ) ကျော်ကြီးတို့သည် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ၌ လည်းကောင်း၊ နိုင်လင်းဇော် (ခ) သော်ထွန်းအောင်၊ သက်ဇော် အောင် (ခ) အောင်လေးနှင့် အာကာမင်းသိန်းတို့သည် KNLA တပ်မဟာ(၃) လှုပ်ရှားနယ်မြေ၌လည်းကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ အသီးသီးတက်ရောက်ခဲ့ကြောင်း။
  • မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ACPLF အကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖမ်းဆီးရန်ကျန် တရားခံ ဇော်ကြီးမှ ခေါင်းဆောင်၍ အဖွဲ့ဝင် ၁၈ ဦးဖြင့်လည်းကောင်း၊ AFF အကြမ်းဖက်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန် တရားခံ ကာရံမိုး ခေါင်းဆောင်၍ အဖွဲ့ဝင် ၁၃ ဦး ဖြင့်လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်း။
  • အဆိုပါအကြမ်းဖက်အဖွဲ့များသည် မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများကို လက်နက်ဖြင့် ခြိမ်းခြောက်၍ အကျပ်ကိုင်မှုများ၊ လုယက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန်၊ အကြမ်းဖက်ဖောက်ခွဲမှုဓာတ်ပုံများအား လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေ၍ ငွေကြေးကောက်ခံရယူရန် ရည်ရွယ်ခဲ့ကြောင်း။

ACPLF နှင့် AFF အကြမ်းဖက်အဖွဲ့တို့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှုအနေဖြင့်-

  • ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၌ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သော ဟိန်းထက်နှင့် ကောင်းထက်တို့က လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး ဝေယံကောင်းထက် (ခ) Lu Aye က အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။
  • အောက်တိုဘာလ ၁၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံ၌ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဟိန်းထက်နှင့် ကောင်းထက်တို့က လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး ဖြိုးသွေးအောင် (ခ) နိုင်ဝင်းက အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
  • အောက်တိုဘာလ ၁၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ဝေယံကောင်းထက် (ခ) Lu Aye နှင့် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းထက်တို့က လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး နိုင်လင်းဇော် (ခ) သော်ထွန်းအောင်က အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
  • နိုဝင်ဘာလ ၂၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ဈေး၌ ဖြိုးသွေးအောင် (ခ)နိုင်ဝင်းက လက်လုပ်မိုင်း ၁ လုံးဖြင့်‌ ပစ်ခတ်ဖောက်ခွဲခဲ့ပြီး နိုင်လင်းဇော် (ခ) သော်ထွန်းအောင်က အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

ACPLF နှင့် AFF အကြမ်းဖက်အဖွဲ့တို့သည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုအနေဖြင့်-

  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်၌ ရာအိမ်မှူး ဦးဆန်းမင်းထွန်းအား အာကာမင်းသိန်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကတုံးတို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ် ဖြတ်ခဲ့ပြီး သက်ဇော်အောင် (ခ) အောင်လေးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
  • စက်တင်ဘာလ ၂၉ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၂)ရပ်ကွက်၌ ရာအိမ်မှူး ဦးအောင်အောင်အား သက်ဇော်အောင် (ခ) အောင်လေးက ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အာကာမင်းသိန်းမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
  • အောက်တိုဘာလ ၂၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၌ ရာအိမ်မှူး ဦးစိုးစိုးအား ဝေယံကောင်းထက် (ခ) Lu Aye က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖြိုးသွေးအောင် (ခ) နိုင်ဝင်းနှင့် နိုင်လင်းဇော် (ခ) သော်ထွန်းအောင်တို့က အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းများကို ညောင်လေးပင် PDF အကြမ်းဖက်အဖွဲ့မှ KNLA တပ်မဟာ(၃)လှုပ်ရှားနယ်မြေ၌ တိမ်း ရှောင်လျက်ရှိသော ဖမ်းဆီးရန်ကျန်တရားခံ ဇော်ကြီးနှင့် ကာရံမိုးတို့က ခိုင်းစေခဲ့ခြင်းဖြစ်ပြီး လက်နက်/ခဲယမ်းများကိုလည်း ထောက်ပံ့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သာကေတမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်မှုများ ကျူးလွန် ရန်အတွက် Telegram မှတစ်ဆင့် အစီအစဉ်များရေးဆွဲခဲ့ကာ တာဝန်ခွဲဝေပေးခဲ့ကြောင်း၊ ဘဏ်ဓားပြတိုက်မှု ကျူးလွန်၍ ငွေကြေးများရရှိပါက အဆိုပါငွေကြေးများအား ၎င်းတို့၏ကိုယ်ရေးကိုယ်တာသုံးစွဲခြင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် လက်နက်ခဲယမ်းများ ထပ်မံဝယ်ယူရာတွင် အသုံးပြုသွားရန် ရည်ရွယ်ထားရှိကြောင်း ဖော်ထုတ်သိရှိရပါသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၂-၂၀၂၂)

 

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြတိုက်လုယက်ခြင်းများ ဆောင်ရွက်ရန်စီစဉ်လျက်ရှိသည့် တရားခံ ကျား ၉ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
  • အဆိုပါအကြမ်းဖက်အဖွဲ့များသည် မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများကို လက်နက်ဖြင့်ခြိမ်းခြောက်၍ အကြပ်ကိုင်မှုများ၊ လုယက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန်၊ အကြမ်းဖက်ဖောက်ခွဲမှုဓာတ်ပုံများအား လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေ၍ ငွေကြေးကောက်ခံရယူရန်ရည်ရွယ်ခဲ့။
  • ACPLF နှင့် AFF အကြမ်းဖက်အဖွဲ့တို့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၄ ကြိမ် နှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ခဲ့။
  • အဆိုပါအကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းများကို ညောင်လေးပင် PDF အကြမ်းဖက်အဖွဲ့မှ KNLA တပ်မဟာ(၃)လှုပ်ရှားနယ်မြေ၌ တိမ်းရှောင်လျက်ရှိသော ဖမ်းဆီးရန်ကျန် တရားခံ ဇော်ကြီးနှင့် ကာရံမိုးတို့က ခိုင်းစေခဲ့ခြင်းဖြစ်ပြီး လက်နက်/ခဲယမ်းများကိုလည်း ထောက်ပံ့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်။

Add new comment