နိုဝင်ဘာလ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ YOMA BANK မှ ဘဏ်ဝန်ထမ်း ၂ ဦးသည် မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာများ ထုတ်ပေးနိုင်ရန်အတွက် ATM စက်တစ်လုံးလျှင် ငွေကျပ်သိန်း ၈၈၀ စီထည့်ထားသည့် ATM စက် ၂ လုံးအား ဘဏ်မှမော်တော်ယာဉ်ပေါ်တင်ဆောင်ကာ ထွက်ခွာလာခဲ့စဉ် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမား ၆ ဦး က မော်တော်ယာဉ်အား တားဆီးကာ သေနတ်များဖြင့် ခြိမ်းခြောက်၍ မော်တော်ယာဉ်နှင့် ငွေကျပ်သိန်း ၁,၇၆၀ ပါ ATM စက် ၂ လုံးတို့အား ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
NUG လက်အောက်ခံ PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် တော်လှန်ရေးအမည်ခံရန်ပုံငွေများကို အေးချမ်းစွာနေထိုင်သော ပြည်သူလူထုထံမှ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းများ၊ ဆက်ကြေးများ ကောက်ခံခြင်းများ ပြုလုပ်လာသည့်အပြင် ကြီးမားသောရာဇဝတ်မှုဖြစ်သည့် ဘဏ်နှင့် ရွှေဆိုင်အချို့အား ဓားပြတိုက်လုယက်မှုများအား ပိုမိုပြုလုပ်လာကြောင်း တွေ့ရှိရပါသည်။
အဆိုပါ PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၂-၂၀၂၂)
- မန္တလေးတိုင်းဒေသကြီး၌ YOMA Bank မှ ငွေကျပ်သိန်း ၁,၇၆၀ ထည့်ထားသည့် ATM စက် ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့အား PDF အကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်ခဲ့။
Add new comment