အင်းတော်မြို့မရဲစခန်းအား PDF အကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် မဆင်မခြင်ပစ်ခတ်ရာ လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲ

      နိုဝင်ဘာလ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အင်းတော်မြို့မရဲစခန်းအား PDF အကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါ ဗုံးသီးများမှာ ရဲစခန်းအနီးရှိ လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူများဖြစ်သည့် ဒေါ်စိန်ရင်(၅၀)နှစ်၊ ဒေါ်မိုးဥမ္မာကျော်(၄၇)နှစ်၊ ဒေါ်သဲကော(၃၂)နှစ်၊ ဒေါ်ဝါဝါခိုင်(၅၁)နှစ်၊ ဒေါ်မိမိငယ်(ခ)မငယ်(၄၃)နှစ်၊ ဒေါ်ခင်ထွေးစိန်(၃၇)နှစ်နှင့် ဒေါ်ကေသွယ်ဝင်း(၄၆)နှစ်တို့ ၇ ဦးတို့တွင် (မစိုးရိမ်ရ) ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ယခင်ကလည်း PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ကျေးရွာများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ ဗုံးကြဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအချို့နှင့် ကလေးငယ်များ သေဆုံး/ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိခဲ့ပါသည်။ အဆိုပါအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၂-၂၀၂၂)

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မရဲစခန်းအား PDF အကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် မဆင်မခြင်ပစ်ခတ်ခဲ့သဖြင့် ရဲစခန်းအနီးရှိ လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့။

 

Add new comment