KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့

     KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အကြမ်းဖက်သမားများသည် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်အား ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက် နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။

အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့်နေရာများအား တပ်မတော်စစ်ကြောင်းများက အဆင့်ဆင့် ပြန်လည်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်တွင် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။

ယခုအခါတွင် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းလျက်ရှိနေပြီဖြစ်ရာ ထွက်ပြေးတိမ်းရှောင်နေသူများအနေ ဖြင့် မိမိဒေသသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များအသုံးပြု၍ ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ဖိတ်ခေါ်လျက်ရှိကြောင်းနှင့် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများအနက်မှ နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သေဘောထိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး၊ စုစုပေါင်း ၁၁၉ ဦး ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

အဆိုပါပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၂)

 

  • အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်အား နိုဝင်ဘာလ ၂၈ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းလျက်ရှိနေပြီဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ ပြန်လည် အခြေချနေထိုင်နိုင်ရေးအတွက် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ဖိတ်ခေါ်လျက်ရှိ။
  • ထွက်ပြေးတိမ်းရှောင်သူများအနက်မှ နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သေဘောထိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး၊ စုစု ပေါင်း ၁၁၉ ဦး ပြန်လည်ရောက်ရှိလာခဲ့။

Add new comment