လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၃)ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားကျင်းပ

တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၇ ရက်တွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တက်ရောက်မိန့် ခွန်းပြောကြားခဲ့ပါသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ)အား ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြအစီအစဉ်အတိုင်း ချီတက်အလေးပြုကြပြီးနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က ကျောင်း ဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းခဲ့ပြီး ထူးချွန်ဆုရအရာရှိ ၃ ဦးအား ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင် ကျော်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင်-

· လေသူရဲတောင်ပံအပ်နှင်းခြင်းခံရခြင်းသည် လေသူရဲတစ်ဦးအဖြစ် သတ်မှတ်ခြင်းဟူသည့် မှတ်တိုင်တစ်ခုမျှသာဖြစ်ပြီး နိုင်ငံတော်မှပေးအပ်သည့် ပျံသန်းရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

· တပ်မတော်(လေ)အနေဖြင့် မျိုးဆက်သစ်လေသူရဲများကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးရာတွင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၇၉)အထိ အမျိုးသားလေသူရဲများကိုသာ လေ့ကျင့်သင်ကြားပေးရာမှ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၀)မှစတင်၍ အမျိုးသမီးလေသူရဲများကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ရာ ယခုလေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃)အထိ အမျိုးသမီးလေသူရဲ စုစုပေါင်း(၂၀)ဦးအထိ အောင်မြင်စွာ လေ့ကျင့်သင်ကြားမွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း။

· လေယာဉ်မောင်းသင်တန်းကို အောင်မြင်စွာတက်ရောက်ခဲ့ကြသည့် အမျိုးသမီးလေသူရဲများသည် တာဝန်ကျရာပျံသန်းရေးအုပ်များတွင် ပျံသန်းရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် စစ်ဆင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း။

· ယခုသင်တန်းဆင်းမည့် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၃)တွင် ထူးခြားချက်အနေဖြင့် တိုက်ခိုက်ရေးလေယာဉ်မောင်းနှင်မည့် အမျိုးသမီးတိုက်လေသူရဲ(၂)ဦးဖြစ်သည့် ဗိုလ်ဒေါ်ဝါဝါမော်နှင့် ဗိုလ်ဒေါ်လဲ့ဝေအောင်တို့ကို အောင်မြင်စွာ သင်ကြားပေးနိုင်ခဲ့သည့်အတွက် တပ်မတော် (လေ)၏ ပထမဆုံး အမျိုးသမီးတိုက်လေသူ ရဲများအဖြစ် ပျံသန်းရေးတာဝန်များကို စတင်ထမ်းဆောင်နိုင်တော့မည်ဖြစ်ကြောင်း။

· ယခုကဲ့သို့ အမျိုးသမီးတိုက်လေသူရဲများအဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ခြင်းသည် တပ်မတော်(လေ)အတွက်သာမက တပ်မတော်တစ်ရပ်လုံးအတွက်ပါ မှတ်တမ်းတင် ဂုဏ်ယူရမှာဖြစ်ပြီး တပ်မတော်(လေ)၏ သမိုင်းစာမျက်နှာသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း။

· တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တပ်မတော်(လေ)အနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ဦးလည်မသုန် ပါဝင်ထမ်းဆောင်လျက်ရှိပြီး ပျံသန်းရေးအပြင် အထက်ကပေးအပ်လာသည့် တာဝန်၊ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် ကျေပွန်စွာထမ်းဆောင် ကြရန်နှင့် တိကျစွာလိုက်နာသွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်းများ ဆက်လက်တက် ရောက်ရမည်ဖြစ်ပါသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

  • လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၀)မှစတင်၍ အမျိုးသမီးလေသူရဲများကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ရာ ယခု လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၃)အထိ အမျိုးသမီးလေသူရဲ စုစုပေါင်း(၂၀)ဦးအထိ အောင်မြင်စွာ လေ့ကျင့် သင်ကြားမွေးထုတ်ပေးခဲ့ပြီးဖြစ်။
  • လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၃)တွင် ထူးခြားချက်အနေဖြင့် တိုက်ခိုက်ရေးလေယာဉ်မောင်းနှင်မည့် အမျိုးသမီး တိုက်လေသူရဲ(၂)ဦးဖြစ်သည့် ဗိုလ်ဒေါ်ဝါဝါမော်နှင့် ဗိုလ်ဒေါ်လဲ့ဝေအောင်တို့ကို အောင်မြင်စွာ သင်ကြားပေးနိုင်ခဲ့သည့်အတွက် တပ်မတော်(လေ)၏ ပထမဆုံးအမျိုးသမီး တိုက်လေသူရဲများ အဖြစ် ပျံသန်းရေးတာဝန်များကို စတင်ထမ်း ဆောင်နိုင်တော့မည်ဖြစ်ကြောင်း။

 

 

Add new comment