နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးရှိ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညို

      နိုဝင်ဘာလ ၂၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား၊ ပွင့်ဖြူမြို့နယ်ရှိ စကြာပန်းတောင်းစေတီတော်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်နှင့် မကွေးမြို့ရှိ မကွေးမြသလွန် စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်-

  • မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော်ရာမြတ်နှင့် အထက်စက်တော်ရာ ပထမရွှေစေတီတော်မြတ်တို့အား ဖူးမြော်ကြည်ညိုပြီး ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ ဂေါပကအဖွဲ့များထံ အလှူငွေများလှူဒါန်းခဲ့။
  • ပါဒစေတီတော်၊ အောက်ခြေတော်ရာမြတ်အား လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် ယာယီချောင်းကူးတံတားအား ရေအမြင့်နှင့်လျော်ညီပြီး ဘုရားရင်ပြင်တော်ထက် မမြင့်သည့် ယာယီဘေလီသံတံတားနှင့် စေတီတော်သွားလျှောက်လမ်းတစ်ခုတည်ဆောက်ရန်နှင့် ချောင်းရေအား သင့်တော်သည့် ရေအမြင့်ရှိစေရေး ရေထိန်းနံရံငယ်တစ်ခုတည်ဆောက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့။

အဆိုပါ မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော်ရာမြတ်အား သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဘုရားဖူးလာပြည်သူများ ရာသီမရွေး လာရောက်ဖူးမြော်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ ၁၀ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြီးမှူး၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အမြင့် ၅ ပေ၊ အထူ ၃ လက်မ၊ အလေးချိန် ၃ တန်ရှိ အလင်းပေါက်ဖန်အုပ်ဆောင်းကို လှူဒါန်းပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူ များက ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်-

  • ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စုရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့။
  • လယ်ကိုင်းကျေးရွာရှိ ရွှေပြည်အေးဘုရားနှင့် ဓမ္မာရုံပြန်လည်ပြုပြင်မွမ်းမံထားရှိမှု အခြေအနေများအား ကြည့်ရှု၍ ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသစီးပွားရေးအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား မေးမြန်းဆွေးနွေးပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကျပ်သိန်း ၅၀ ကို ပေးအပ်ခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်ကြီးနှင့် စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ ပြီး မင်းဘူးမြို့နှင့် စကုမြို့တို့မှ ရပ်မိရပ်ဖများအား တွေ့ဆုံ၍-

  • ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးမွေးမြူရေးအတွက်လိုအပ်သည့် ရေများလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်ဖြူတွင် စိုက်ပျိုးရေးသိပ္ပံရှိပြီးဖြစ်ပြီး စကု၌ မွေးမြူရေးသိပ္ပံတစ်ခု ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတမှု၊ ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်မှုတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေနိုင်သဖြင့် မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။ 
  • အစိုးရက ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို အဆင့်ဆင့် ဖွင့်လှစ်ပေးထားပြီးဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် အားလုံးက ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း။
  • ဒေသတွင်းသက်ဆိုင်ရာပညာရပ်များအလိုက် ပညာတတ်များ ပေါကြွယ်ဝမှသာလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် မင်းဘူးဘိုးဘွားရိပ်သာ တည်ဆောက်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ တို့အား ပေးအပ်ရာ ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြပါသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ မကွေးမြသလွန်စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် မကွေးမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်သော လူအများ အပန်းဖြေနေရာ Public Area ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၁-၂၀၂၂) 

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား၊ ပွင့်ဖြူမြို့နယ်ရှိ စကြာပန်းတောင်းစေတီတော်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်နှင့် မကွေးမြို့ရှိ မကွေးမြသလွန်စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့။
  • အစိုးရက ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို အဆင့်ဆင့် ဖွင့်လှစ်ပေးထားပြီးဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် အားလုံးက ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်လို။
  • ဒေသတွင်းသက်ဆိုင်ရာပညာရပ်များအလိုက် ပညာတတ်များ ပေါကြွယ်ဝမှသာလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်။

Add new comment