PDF အကြမ်းဖက်သမားများက ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှ ရွှေထည်ပစ္စည်းများကို သေနတ်ပြခြိမ်းခြောက်လုယက်၍ နေအိမ်အား မိုင်းခွဲဖျက်ဆီး

       တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သီရိလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်သို့ နိုဝင်ဘာလ ၂၅ ရက်တွင် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က လက်နက်ငယ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး နေအိမ်တံခါးအား မဖွင့်ပါက မိသားစုအားလုံးကိုပစ်သတ်မည်ဟု ခြိမ်းခြောက်၍ ဖွင့်ခိုင်းခဲ့ပါသည်။ ထို့နောက်ပရိဘောဂပစ္စည်းများအား ရိုက်ခွဲဖျက်ဆီးကာ ရွှေထည်ပစ္စည်းမျိုးစုံအလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား လုယက်ယူဆောင်ခဲ့ပြီး နေအိမ်အား မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည့်အပြင် နေအိမ်အတွင်း လက်လုပ်မိုင်း ၂ လုံး ထောင်ထားခဲ့ပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကိုပါ ခြိမ်းခြောက်အကျပ်ကိုင်ပြီး အပြစ်မဲ့ပြည်သူများ အိုးအိမ်မဲ့စေရန် ရည်ရွယ်၍ နေအိမ်များအား မိုင်းထောင်ဖျက်ဆီးခြင်းများကိုပါ ပြုလုပ်လျက်ရှိပါသည်။ ထိုသို့သော ပြည်သူများ၏ နေအိမ်ဥစ္စာများကို လုယူဖျက်ဆီးနေသည့် အကြမ်းဖက်သမားများအား ပြည်သူ လူထုအနေဖြင့် ရွံရှာစက်ဆုပ်မုန်းတီးလျက်ရှိပြီး အမြန်ဆုံးဖမ်းမိရေး၊ ပြစ်ဒဏ်များ ချမှတ်နိုင်ရေးများကို လိုလားလျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး နေအိမ်အတွင်း PDF အကြမ်းဖက်သမားများထောင်ထားခဲ့သည့် မိုင်း ၂ လုံးအား သက်မဲ့ပြုလုပ်ဖယ်ရှားခဲ့ကြောင်းနှင့် အဆိုပါ PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လိုအပ် သောပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၁-၂၀၂၂)

 

  • PDF အကြမ်းဖက်သမားများသည် ပလမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်အတွင်းသို့ဝင်ရောက်၍ ရွှေထည်ပစ္စည်းမျိုးစုံအလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား လုယူဆောင်ခဲ့ပြီး နေအိမ်အား မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်အတွင်း လက်လုပ်မိုင်း ၂ လုံးထောင်ထားခဲ့။

Add new comment