ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံခြင်းနှင့် (၈) ကြိမ်မြောက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးကျင်းပ

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများသည် နိုဝင်ဘာလ ၂၅ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်း ခွင့်ပြုမည်မဟုတ်ကြောင်း၊ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

(၈) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးကို နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် (၂) ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ကုန်းမြေနှင့် မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများ တိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကြိုတင်ကာကွယ်ခြင်း ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်နိမိတ်ဖြတ်ကျော် ခိုးဝင်/ ခိုးထွက်မှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၁-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများသည် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့။
  • (၈) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးတွင် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ် တစ်လျှောက် ကုန်းမြေနှင့် မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများ တိုက်ဖျက်ရေးစသည်တို့ကို အသေးစိတ်ဆွေးနွေးခဲ့။

 

 

Add new comment