ပုလောမြို့နယ်၌ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်များအား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာလ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သဘာဝတရားရိပ်သာမှ သံဃာတော် ၂ ပါး၊ သီလရှင် ၃ ပါး၊ ဒါယိကာ/ဒါယိကာမ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၆ ဦးတို့ လိုက်ပါလာသည့် မော်တော်ယာဉ် ၂ စီးသည် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ထွက်ခွာခဲ့ရာ ပုလောမြို့နယ် ကဒဲကျေးရွာလမ်းဆုံအနီးသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ပါသည်။ အဆိုပါအကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သံဃာတော်ဘဒ္ဒန္တဇနက ၂၅ နှစ်သည် ဦးခေါင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးခြင်းသာသနာ့နွယ်ဝင်များနှင့် အပြစ်မဲ့ပြည်သူ များအပေါ် အကြောင်းမဲ့သတ်ဖြတ်မှုများ၊ နိုင်ငံတစ်ဝန်းရှိ လမ်း၊ တံတားများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေသည့်အပြင် ခရီးသွားယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်းများနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာသဖြင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏လုပ်ရပ်များကို ဝေဖန်ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။

အဆိုပါဖြစ်စဉ်တွင် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။    

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၁-၂၀၂၂)

 

  • ပုလောမြို့နယ် ကဒဲကျေးရွာလမ်းဆုံအနီး၌ သံဃာတော်များအပါအဝင် ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သံဃာတော်တစ်ပါးဖြစ်သူ ဦးဘဒ္ဒန္တဇနက ၂၅ နှစ်သည် ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့။

Add new comment