နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) ကို နိုဝင်ဘာလ ၂၃ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင်-

  • တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီး (၉)လကျော်ကာလအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် OSS (One Stop Service) အဖွဲ့ဝင်ဌာနများသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ယခင်ကထက် ပိုမိုထိထိရောက်ရောက် အကောင်အထည်ဖော်လာနိုင်သည်ကိုတွေ့ရကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၃,၀၉၅) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၄၅ ဒသမ ၆) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ဖမ်းဆီး ရမိမှုစုစုပေါင်းအမှုတွဲ (၁,၅၅၈) မှုနှင့် ခန့်မှန်းတန်ဖိုးသည် ကျပ် (၆ ဒသမ ၆၂၆) ဘီလီယံဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ (၁,၅၃၇) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၃၈ ဒသမ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုပါက ဩဂုတ်လနှင့် အောက်တိုဘာလအတွင်း မန္တလေးတိုင်းဒေသကြီးက ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး စက်တင် ဘာလအတွင်းတွင် ကရင်ပြည်နယ်က ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်း။
  • တရားမဝင်ကုန်သွယ်မှု တားဆီးရာတွင် တရားမဝင်ကုန်စည်များကိုသာမက မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း။
  • တရားမဝင်ကုန်သွယ်မှုများ ရှင်သန်ကြီးထွားနေသည့် အကြောင်းခြင်းရာများစွာ ရှိသည့်အနက် သိုဝှက်၊ ရှောင်ကွင်းသယ်ဆောင်မှုများကြောင့် လွတ်သွားခြင်းများရှိသကဲ့သို့ ဝန်ထမ်း အချို့၏ ငွေကြေးရယူခွင့်ပြုမှုများကြောင့် တားဆီးနိုင်မှု မရှိခြင်းများလည်းရှိရာ ဝန်ထမ်းများအနေဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလို ကြောင်း။
  • တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်အောင်ဆောင်ရွက်ရန် ယခုအချိန်ကာလအထိ မဖြစ်နိုင်သေးသော်လည်း ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကာကွယ်တားဆီးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
  • တရားမဝင်ကုန်စည်များ တားဆီးဖမ်းဆီးရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များပေးပို့သော ပြည်သူ များကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးငွေခွဲဝေပေးခြင်းကိုလည်း သတ်မှတ်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၁-၂၀၂၂)

 

  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၃၀၉၅) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၄၅ ဒသမ ၆) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ဖမ်းဆီးရမိမှုစုစုပေါင်းအမှုတွဲ (၁,၅၅၈) မှုနှင့် ခန့်မှန်းတန်ဖိုးသည် ကျပ် (၆ ဒသမ ၆၂၆) ဘီလီယံဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ (၁,၅၃၇) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၃၈ ဒသမ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့။
  • တရားမဝင်ကုန်သွယ်မှု တားဆီးရာတွင် တရားမဝင်ကုန်စည်များကိုသာမက မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ ကိုလည်း ဖမ်းဆီးရမိခဲ့။
  • တရားမဝင်ကုန်စည်များ တားဆီးဖမ်းဆီးရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များပေးပို့သော ပြည်သူများကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးငွေခွဲဝေပေးခြင်းကိုလည်း သတ်မှတ်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရမည်ဖြစ်။

Add new comment