နိုင်ငံတော်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းနှင့် အများပြည်သူပိုင်နေရာများကို ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိရာ-
- နိုဝင်ဘာလ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ Generation Z Power (PDF) အကြမ်းဖက်သမားများ ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် ဦးဝင်းကိုကို(၆ဝ)နှစ်သည် ဝဲနားထင်တွင် ဗုံးအစထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့။
- နိုဝင်ဘာလ ၁၉ ရက်တွင် မဟာအောင်မြေမြို့နယ်ရှိ ရာအိမ်မှူး ဉီးထွန်းမြင့်အေးအား “သိန်းသန်းဝေ” ခေါက်ဆွဲဆိုင်ရှေ့တွင် ဧည့်စာရင်းစာအုပ် သွားရောက်ပို့ဆောင်နေစဉ် Generation Z Power (PDF) အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့။
- နိုဝင်ဘာလ ၂၀ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေသည် ၄င်း၏ဆိုင်ကယ်အား ပြုပြင်ရန် ဆိုင်၌စောင့်ဆိုင်းနေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမြင့်ဆွေ၏ လည်ပင်း ဝဲဘက်ဖေါက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သေဆုံးသွားခဲ့။
- အလားတူ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်ရှိ ရှမ်းခေါက်ဆွဲဆိုင်အတွင်းရှိ ဦးကျော်ဇင်ထက်အား Mask များ တပ်ဆင်ထားသည့် လူ ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးကျော်ဇင်ထက်၏ ဝဲပါး ၁ ချက်၊ လည်ပင်းဝဲဘက်ခြမ်း ၁ ချက် ဖေါက်ဝင်ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့။
အဆိုပါ PDF အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြေရာခံ၍ လိုက်လံပိတ်ဆို့ရှာဖွေစဉ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်တွင် Generation Z Power (PDF) အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးတို့က လမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာသော အပြစ်မဲ့ပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ အဆိုပါယာဉ်အား လုယူမောင်းနှင်ထွက်ပြေးခဲ့ပါသည်။ လုံခြုံရေးအဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၍ Generation Z Power (PDF) အကြမ်းဖက်အဖွဲ့၏ ဒု-အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ)သက်နိုင်ထွန်း(ခ)သက်နိုင်၊ ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင်(ခ)မိုးကို၊ အဖွဲ့ဝင် ဇေယျာနှင့် ကျော်စွာလင်းတို့ (၄) ဦးအား (အသေ)ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
မြို့ရွာများတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံးအနေဖြင့် PDF အကြမ်းဖက်သမားများ၏ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာတိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၁-၂၀၂၂)
- မန္တလေးတိုင်းဒေသကြီး၌ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည့် Generation Z Power (PDF) အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးအား (အသေ)ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့။
Add new comment